
သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာသည် ယနေ့နံနက် ၈ နာရီ ၃၇ မိနစ်တွင် မန္တလေး ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။
အမေလူထုဒေါ်အမာ၏ သားဖြစ်သူ စာရေးဆရာ ညီပုလေးက “ မနက် ရှစ်နာရီ ၃၇ မိနစ်ကပါ။ နှလုံးရော ဂါနဲ့ ပြည်သူ့ဆေးရုံ နှလုံးဌာနမှာ ဆုံးပါတယ်ခင်ဗျား။ အမေကတော့ သတိရှိရှိပါပဲ ခင်ဗျား။ ဆုံးခါနီး မှာ မေတ္တာသုတ်တွေ ဗောဇ္ဈင်သုတ်တွေ လိုက်ရွတ်ဆိုနိုင်ပါသေးတယ်။ ဆုံးခါနီး ဆယ်မိနစ်လောက် အ ထိ ဆိုနိုင်ပါသေးတယ်။” ဟု ပြောသည်။
သတင်းစာဆရာမကြီး လူထုဒေါ်အမာ ဆုံးသည့်သတင်းကြားပြီးပြီးချင်း သူ့ကို ချစ်သည့် မိတ်ဆွေများ အများ အပြား လာရောက်ကြသည်ဟု ညီပုလေးက ဆက်ပြောသည်။
ဒေါ်အမာသည် ၁၉၁၅ ခုနှစ် မန္တလေးမြို့ ဂုန္တန်ရပ်၊ အဖဦးထင် အမိ ဒေါ်စုတို့မှ နိုဝင်ဘာလ ၂၉ ရက် တနင်္လာ နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၁၂ ယောက်ထဲမှ စတုတ္ထ သမီးဖြစ်သည်။ အမည်ရင်းမှာ အမာဖြစ်သည်။
၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ဘီအေ အောက်တန်း တက်ရောက်ချိန်တွင် အင်းလျားဆောင်သဟာယနှင့် စာ ဖတ်အသင်းတွင် အတွင်းရေးမှူးဖြစ်ခဲ့ပြီး ဒုတိယ ကျောင်းသားသပိတ်ကြီးတွင်ပါဝင်ခဲ့သည်။ယင်းနှစ်မှာပင် အိုးဝေ မဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊ ဘားမား ဂျာနယ်တို့တွင် ၀တ္ထု၊ ဆောင်းပါးများ စတင်ရေးသားခဲ့သည်။
Maurice ၏ Trials In Burma ကို မြန်မာပြည်တွင် စစ်ဆေးခဲ့သောအမှုအခင်းများ အမည်ဖြင့် မြန်မာဘာသာပြန် ထုတ်ဝေခဲ့သည်။ ၁၉၃၉တွင် ဦးလှနှင့် လက်ထပ်ခဲ့သည်။
ဦးလှနှင့် ဒေါ်အမာတို့သည် ၁၉၄၆တွင် လူထုသတင်းစာ စတင် ထုတ်ဝေခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် လူထုသတင်းစာ နှင့် ကြီးပွားရေးပုံနှိပ်တိုက်ကို ဖဆပလ ခေတ်တွင် ဒိုင်းနမိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။
လူထုဒေါ်အမာသည် သတင်းစာဆရာမတဦးအဖြစ်ဖြင့် ရုရှ၊ အရှေ့ဂျာမဏီ၊ ချက်ကိုစလိုဗက်ကီးယားနှင့် တရုတ် နိုင်ငံများသို့ သွားရောက်လေ့လာခဲ့သည်။

၁၉၆၆ ခုနှစ်တွင် ဒေါ်အမာပြုစုသည့် ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ကို စာပေဗိမာန် အနုပညာ ဆိုင်ရာ စာပေဆု ပထမဆုအပ်နှင်းခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် လူထုသတင်းစာ ရပ်စဲခံခဲ့သည်။
၁၉၇၈ ခုနှစ်တွင် လူထုဦးလှ၊ သားကိုငြိမ်းချမ်း(ညီပုလေး)တို့နှင့်အတူ ၁နှစ် ၁လ၊ ၁ရက်ကြာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။
လူထုဒေါ်အမာ၏ အခြားကလောင်ခွဲများမှာ ခင်လ၀င်း၊ ဇမ္ဗူဒီပါ အောင်ထွန်း၊ ဖခင်အောင်နိုင်၊ ဖိုးသာအောင်၊ မြမဉ္ဖူ။ အမာ၊ အမာ(တက္ကသိုလ်သပိတ်မှောက် ကျောင်းသူ)၊ အင်းယားကျောင်းဆောင်သူတဦး စသည့်အမည် များဖြင့် ဆောင်းပါးများ အပါအ၀င် စာအုပ်ပေါင်းများစွာကို ရေးသားခဲ့သည်။
ဒေါ်အမာကို လေးစားကြည်ညိုကြသည့် စာရေးဆရာ နှင့် ပြည်သူများက လေးစားသမှု ပြုသည့် အနေဖြင့် အမေ မာဟု ခေါ်ကြသည်။
လူထု ဒေါ်အမာကို လာမည့် ဧပြီလ ၉ ရက်နေ့ နံနက် (၈)နာရီအချိန်တွင် ကြာနီကန်သုသာန်၌ မီးသဂြိုလ်မည် ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။