ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းနှင့် ဖန်ငခရိုင်ကြားလမ်းတွင် ငါးသယ်သည့် ရေခဲကား အတွင်း၌ ယမန်နေ့ညက တရားမ၀င် တင်ဆောင်လာသည့် မြန်မာအလုပ်သမားများ အသက်ရှူကျပ်၍ ငါးဆယ်ကျော် သေဆုံးပြီး နှစ်ဆယ် ကျော် ဆေးကုသမှု ခံယူခဲ့ရသည်ဟု အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့တခုက ပြောသည်။
သေဆုံးသူများတွင် မ ၃၇ ဦး၊ ကျား ၁၇ ဦး ဖြစ်ပြီး ကလေးငယ် ၅ ဦးလည်း ပါဝင်သည်။
သေဆုံးသူ အများစုမှာ မွန်နှင့် ထားဝယ်ဒေသသားများ ဖြစ်သည်ဟု အလုပ်သမား အဖွဲ့ ၀န်ထမ်းက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ရနောင်းမှ ဖန်င ခရိုင်သို့ အသွား ရနောင်းခရိုင် စုတ်စန်မ်ရန်မြို့အ၀င် ဂိတ်တွင် အာဏာပိုင်များက ငါးတင်ဆောင်လာသည့်ကားတစီးကို စစ်ဆေးစဉ် ကားအတွင်းမှ လူများ ဟစ်အော်သံ ကြား ရာမှ မသင်္ကာသဖြင့် စစ်ဆေးစဉ် တွေ့ရှိခြင်းဖြစ်သည်ဟု ထိုင်းရုပ်သံ သတင်းများတွင် ဖော်ပြသည်။
ဒဏ်ရာရရှိသူ ၂၁ ဦးကို ဖန်ငဆေးရုံတွင် ဆေးကုသမှုပေးပြီး ကျန်သူများမှာ ဖန်င လူဝင်မှုကြီးကြပ်ရေးရုံးတွင် ထိန်းသိမ်းထားသည်။
ကားမောင်းသူမှာ ကားရပ်ပြီး ထွက်ပြေးသွားခဲ့သည်။ ယခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။
သေဆုံးများ၏ အလောင်းကို သက်ဆိုင်ရာ ဆွေမျိုးများ လာရောက် ထုတ်ယူရန် ဖန်င အာဏာပိုင်များက ကြေ ညာထားသည်။