Sunday, May 11, 2008

မုန်တိုင်းနောက်ဆက်တွဲ သတင်းတိုထွာ

အစိုးရစာရင်းတွင် သေဆုံးသူ ၅၀၀၀ ထပ်တိုး (APသတင်းဌာန)
စစ်အစိုးရရုပ်သံကသေဆုံးမှုအရေအတွက် ငါးထောင်တိုးပြီး ကြေညာလိုက်သည်။ မုန်တိုင်းကြောင့် ယနေ့အချိန်အထိ
၂၈၄၅၈ သေဆုံး၊
၃၃၄၁၆ ပျောက်ဆုံး
ဟု ဆိုသည်။ှ
နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များကမူ သေဆုံးမှု တစ်သိန်းအထိ ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။

မြန်မာပြည်တွင်းသို့ဝင်ရောက်ရန် ကြိုးပမ်းနေသည့် ပြည်ပမှ ကူညီကယ်ဆယ်ရေးအဖွဲ့ ၀န်ထမ်းအများစုမှာ ပြည်ဝင်ခွင့် မရရှိသေးပါ။ အစိုးရက လှူဒါန်းမှုပစ္စည်းကိုသာရလိုသည်၊ ထိုပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲ ဝေခြမ်းနိုင်သည်ဟု ဆိုထားသည်။
(ည ၇း၀၀)

ကယ်ဆယ်ရေးပစ္စည်းတင်သင်္ဘောတစ်စီး နစ်မြှုပ် (CNN သတင်းဌာန)
ဒုက္ခသည်များအတွက် ကမ္ဘာ့ကြက်ခြေနီ နှင့် လခြမ်းနီ အဖွဲ့၏ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောတစ်စီးသည် ရေစီးနှင့်မျောပါလာသည့် သစ်တုံးနှင့်တိုက်မိပြီး ဘိုကလေးမြို့အနီးတွင် နစ်မြုပ်သွားသည်။
လှေပေါ်တွင် ဆန်၊ ရေ၊ အ၀တ်အထည် နှင့် အခြားအသုံးအဆောင်ပစ္စည်းများ ပါသွားသည်။ သင်္ဘောပေါ်ရှိ မည်သူ တစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးမှုမရှိဟု ဆိုသည်။
(သတင်းထွက်ပေါ်ချိန် ည ၈း၀၀)

undefined
လပွတ္တာမြို့နယ် တနေရာတွင် တွေ့ရသော ကျွဲနှင့်လူရုပ်အလောင်းအချို့

အသေအပျောက် ၁၅ ဆ တိုးမည် (Al Jazeera သတင်းဌာန)
လေဘေးဒဏ်ခံရသူများအတွက် ရေသန့်နှင့် သန့်ရှင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ခြင်းမရှိပါက ၁၅ သိန်းအထိ သေဆုံးနိုင်ကြောင်း Oxfam နိုင်ငံတကာကူညီရေးအဖွဲ့ အာရှဒေသဆိုင်ရာအကြီးအကဲ Sarah Irelandက ပြောလိုက်သည်။
၎င်းတို့ခန့်မှန်းထားသည့် သေဆုံးမှုအရေအတွက် ၁ သိန်းထက် ၁၅ ဆ များပြားလာမည်ဟု ပြောလိုက်ခြင်းဖြစ်သည်။
(ညနေ ၄း၀၀)
ကျော်သူရဲ့အတွေ့အကြုံ (BBC မြန်မာပိုင်း)
ကျနော်တို့ တနေ့က တောင်ဒဂုံဘက်သွားပြီး ဆန်တွေဝေတယ်။ ဆန်ကားကို တုတ်တွေနဲ့ ၀ိုင်းပြီး လုမယ့်အပိုင်းတွေ ဖြစ်လာတယ်။ နှောင့်ယှက်မယ့်အပိုင်းတွေ ဖြစ်လာတယ်။ ဖြစ်လာတော့ တကယ့်ကို ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေက ကျမတို့ငတ်နေတယ်၊ ငတ်နေတဲ့အတွက် လာလှူတယ်၊ ရှင်တို့ ဘာမှ ၀င်လုပ်စရာမလိုဘူးလို့ ၀ိုင်းပြောတယ်။
သွားတဲ့နေရာတိုင်းမှာ ပြဿနာတွေတော့ ရှိတာပေါ့လေ။ သံလျှင်ဘက်ဆိုရင် တော်တော်ဆိုးဝါးတယ်။ တုတ်တွေ ဓားတွေနဲ့ ၀ိုင်းပြီးတော့ လုမယ့်သဘောတွေ ဖြစ်လာတယ်။ ကျနော်တို့ ထွက်ပြေးလာရတယ်။
(မေ ၁၀ ည ၈း၁၅)
 
ရန်ကုန်မြို့ပြင် ကွမ်းခြံကုန်းဒေသ (BBC မြန်မာဌာန)
ကျန်းမာရေးစောင့်ရှောက်မှုကတော့ ရွာတွေဘက်မှာ ဘာမှ မရှိဘူး။ ဟိုနေရာလှူ ဒီနေရာလှူ မျက်နှာဖုံးတွေမှာ ပါတယ်။ တကယ်တမ်း လက်တွေ့ဆင်းကြည့်တော့ ဘာမှ ထိထိရောက်ရောက် မရှိဘူး။ ဘာ စောင့်ရှောက်မှုကို မလာဘူး။ အခု လောလောဆယ် ရွာသားတွေကို လမ်းရှင်းခိုင်းထားတယ်။ လမ်းကောင်းသွားရင် သူတို့လာကြည့်မယ်လို့ ပြောနေတာပဲ။ လာလည်း နှမ်းဖြူးရုံလောက်ပဲပေါ့၊ လူတွေကလည်း အယုံအကြည် မရှိပါဘူး။

ကွမ်းခြံကုန်းမြို့ပေါ်မှာ ၀မ်းရောဂါ စ နေပြီ။ ရေတွေက မကောင်းတော့ဘူး။ ကျွဲသေ နွားသေ တွေနဲ့။ လယ်တွေမှာ ရေတွေက ပြည့်နေတယ်။ အပုပ်ရေတွေကိုပဲ ခပ်ချိုးနေရတာပေါ့နော်။ လူသေကောင် မရှင်းရသေးတော့ ကျွဲသေ နွားသေ ရှင်းဖို့ဆိုတာ ဝေလာဝေး။
ရွာတွေမှာရှိတဲ့လူအကုန်လုံးက စိတ်ဒဏ်ရာတွေ ရနေကြတာ။ တချို့ဆို မိသားစုအားလုံးသေဆုံးပြီး တစ်ယောက်တည်းကျန်တာတွေ။
ကွမ်းခြံကုန်းဒေသခံတစ်ဦး၏ပြောပြချက် (နံနက် ၆း၃၀)
လပွတ္တာဆေးရုံ (APသတင်းဌာန)
လူနာတို့၏ ဒဏ်ရာများကို အ၀တ်ချုပ်အပ်ဖြင့်သာချုပ်နှောင်နေကြသည်။ ဆေးရုံတွင် ဆရာဝန် မရှိပါ။ ဆေးဝါးလည်း မရှိပါ။
(မေ ၁၀)
လပွတ္တာအခြေအနေ(Reutersသတင်းဌာန)
လပွတ္တာတွင် အိမ်ခြေ ၈၀ ရာခိုင်နှုန်း ပျက်စီးသွားသည်။ အာဏာပိုင်တို့က မိသားစုတစ်စုလျှင် ဆန်တစ်ခွက်ကျစီမျှသာ နေ့စဉ်ကူညီသည်ဟု ဥရောပ ကော်မရှင် အကူအညီပေးရေးအရာရှိတစ်ဦးက ရှင်းပြသည်။
(နံနက် ၁၀း၃၀)

မြောင်းမြမှ ကယ်ဆယ်ရေးစခန်း (Reutersသတင်းဌာန)
"ကျမတို့ဆီမှာ လူ ၉၀၀ ရှိတယ်။ ဒါပေမဲ့ နေ့လည်ဘက်ဝေဖို့ အစားအစာ ဗူး ၃၀၀ ပဲရှိတယ်။ ကျမတို့က အမျိုးသမီးတွေ၊ ကလေးငယ်တွေကို အရင်ဦးဆုံး ပေးပါတယ်။ အမျိုးသားတွေအတွက်တော့ ဘာစားစရာမှ မရှိပါဘူး။ လူတွေကတော့ နေ့တိုင်း ထပ်ရောက်ရောက်လာတာပဲ" ဟု မြောင်းမြမြို့ ကယ်ဆယ်ရေးစခန်းမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
(နံနက် ၁၀း၃၀)
အစိုးရ၏ကယ်ဆယ်ရေးလုပ်ငန်းများ (VOA မြန်မာပိုင်း)
“ကျနော်တို့ အခုအချိန်ထိ မတွေ့ရသေးတာက အထောက်အကူပြု အဖွဲ့တွေနဲ့ အစိုးရက ပေးလိုက်တယ်လို့ ပြောတဲ့ အထောက်အကူပြု ပစ္စည်းတွေ၊ ဥပမာ သောက်ရေသန့်ပဲဖြစ်ဖြစ်၊ ဆန်ပြုတ်ပဲဖြစ်ဖြစ်၊ အဟာရဘီစကစ်မုန့်လို့ ပြောတဲ့ အစားအစာကိုပဲဖြစ်ဖြစ် လူတွေစားသုံးနေတာ၊ နောက်တခုက ခြင်ထောင်တွေ ပေးတယ်၊ ခြင်ထောင်တွေ ထောင်ပြီးအိပ်နေတာ ဒါတွေ ကျနော်တို့ မတွေ့ရဘူး။ အစိုးရ သတင်းမီဒီယာတွေမှာလည်း မတွေ့ရဘူး။
အသက် မသေကျန်တဲ့လူတွေကို မြန်မာစစ်အစိုးရက လိုက်လံရှာဖွေ ကယ်တင်နေတယ်ဆိုတဲ့ သတင်းမျိုး ကျနော်တို့ လုံးဝမကြားရပါဘူး။"
(မေလ ၁၀ ရက်)