နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒုက္ခ္ခရောက်နေကြသော လေဘေးဒုက္ခသည်များအားအကူညီပေးရန် မန္တလေး ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များက အလှုငွေ ကောက်ခံနေကြောင်း သိရသည်။
မန္တလေးအာဏာပိုင်များကလည်း လေဘေးဒုက္ခသည်များအတွက် လုပ်ငန်းရှင်များထံ အတင်းအဓမ္မ ကောက်ခံ နေသဖြင့် ရဟန်းတော်များ အလှူငွေ ကောက်ခံရာတွင် အခက်အခဲရှိသည်ဟု မန္တလေးမြို့မှ ရဟန်းတော်တပါးက ယခုလို မိန့်ကြားသည်။
“အခက်ခဲတွေကရှိတယ် ဆိုတာဒီလိုဗျ။ နအဖစစ်အစိုးရက သူကဘယ်လိုလုပ်ထားလဲ ဆိုတော့ ဥပမာ လုပ်ငန်းရှင်တွေ ဆီကနေ မဖြစ်မနေပေါ့ဗျာ။ သိန်းငါးဆယ်ထည့်ရမယ်တို့ သိန်းတစ်ရာတို့။ ဥပမာ ငါးမွေးမြူရေးကန်တွေဆီမှာ သူတို့တွေက အဲလိုတွေ သွားပြီးလုပ်ထားကြတယ်။ အဲလိုလုပ်ထားတော့ မဖြစ်မနေထည့်ရတယ်။ ဦးဇင်းတို့က ခုမှစလုပ်တော့ ဦးဇင်းတို့က ဘယ်ပို့မှာလဲ၊ ဦးဇင်းတို့က ဘာ ကိုရည်မှန်းပြီး လုပ်ကြတာလဲ။ အဲလိုအမျိုးမျိုး မေးကြတယ်။ ဦးဇင်းတို့ကလဲ စိတ်ရှည်လက်ရှည် ဖြေ ပြတယ်။ ဦးဇင်းတို့က ကိုယ့်ဒကာ၊ ဒကာမတွေ ဒုက္ခရောက်နေတဲ့ချိန်မှာ ဦးဇင်းတို့အနေနဲ့ ဥပေက္ခာ မပြုသင့်ဘူး။ ဦးဇင်းတို့ဒါ တွေလုပ်ပေးသင့် တယ်ဆိုပြီး အသေးစိတ်ရှင်းပြရတယ်။ သူတို့ဘက်က တော့ လိုက်နှောက်ယှက်တာများ ဒီနအဖနဲ့များ ခုချိန်ထိမပြီးသေးဘူးဗျ။”
မေလ ၃ရက်နေ့မှစပြီး အထက်မြန်မာပြည်ရှိ ကျောင်းတိုက်အများစုက အလှုငွေ ကောက်ခံ ခဲ့ကြပြီး လူအသေ အပျောက်အများဆုံးဖြစ်သည့် မြစ်ဝကျွန်းပေါ်ဒေသဧရာဝတီတိုင်းကို အဓိကပေးပို့ရန် ဆရာတော်ကြီးများက စီစဉ် နေသည်ဟု သိရသည်။
လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာမှ အကူအညီးပေးရန် ကမ်းလှမ်းထားသော်လည်း မြန်မာစစ်အစိုးရ က ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့၊ သတင်းပြန်ကြားရေး အဖွဲ့များကို လက်ခံရန် အဆင်သင့် မဖြစ်သေးသ ဖြင့် ငြင်းဆိုထားကြောင်း မြန်မာစစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
မြန်မာပြည်တွင် နာဂစ် မုန်တိုင်း ၀င်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း ၂ သောင်းကျော် သေဆုံးပြီး လေး သောင်းကျော် ပျောက်ဆုံးနေသည်ဟု မြန်မာအစိုးရ စာရင်းများက ဆိုသည်၊ အမေရိကန်သံရုံး တာဝန်ရှိ သူတဦး ကမူ လူပေါင်း ၁ သိန်းအထိသေဆုံးနိုင်သည်ဟု ဆိုသည်၊ ယနေ့ထိ အလောင်းများကို ရှင်းလင်းမှုများ မရှိသေး ပဲ လေဘေးဒုက္ခသည်များအတွက် စားသောက်ရေးနှင့် နေရာ ပြန်လည်ချထားရေး အတွက်လည်း ထိရောက် သည့် ကူညီမှုများ ပေးနိုင်ခြင်း မရှိသေးပေ။