Saturday, May 10, 2008

ရန်သူမျိုး၅ပါး နဲ့ ရန်ကုန်

အမြစ်က ကျွတ်ထွက်နေတဲ့ သစ်ပင်ကြီးတွေ၊ ပြတ်နေတဲ့ ဓာတ်ကြိုးတွေ၊ ပြိုလဲနေတဲ့ ဘီလ်ဘုတ်တွေ၊ ပြန့်ကျဲနေတဲ့ မှန်ကွဲစတွေ လမ်းမပေါ်မှာ ---- လမ်းပေါ်မှာ ---- မော့ကြည့်လိုက်တော့ ကျိုးကျနေတဲ့၊ ရွဲ့စောင်းနေ တဲ့ ဂြိုလ်တုစလောင်းတွေ။ ပြည်လမ်းပေါ်ကို အစောဆုံးထွက်လာပြီး ရှင်းကြတာက သံဃာတော်တွေ၊ ရပ်ကွက်ထဲက လမ်းတွေထဲမှာက တော့ ကိုယ်ထူကိုယ်ထနဲ့ တက်ညီလက်ညီ ရှင်းနေကြတဲ့ ပြည်သူတွေ။
ကြည့်မြင်တိုင် ညဈေးထိပ်ကနေ ဗားဂရာချောက်ကြားအတွင်း ပိတ်နေတဲ့ သစ်ပင်တွေကို ရှင်းနေကြတဲ့ သံဃာတော်တွေကို မြို့နယ်က တာဝန်ရှိသူတယောက်က 'အရှင်ဘုရား ဒါတွေမလုပ်ကြပါနဲ့ မြင်လို့မကောင်းပါဘူး' တဲ့။ သံဃာတော်တွေက ပြန်ပြောတယ်။ 'ငါတို့မရှင်းတော့ မင်းတို့ ရှင်းမှာမို့လို့လား' ---- တဲ့။
ကုန်စုံဆိုင်ဆိုသူတွေ ၀ယ်နေကျ ဖောက်သည်ကိုတောင် မျက်နှာမထောက်ဘဲ တင်ထားလိုက်တဲ့ ဈေးတွေဆိုတာ ကြောက်ခမန်းလိလိ။ သူတို့ရင်ဘတ်တွေမှာ နှလုံးသားရောပါရဲ့လား။ အေးလေ ကိုယ့်အနီးအနားက လူတွေကတော့ ၀ယ်နိုင်ကြတာကိုး။ မ၀ယ်နိုင်တဲ့သူတွေ ဘယ့်နှယ်လုပ်ကြပါ့။
၃ ရက်နေ့ ၄ ရက်နေ့ သတင်းစာမရောက်။ ၅ ရက်နေ့မှာ ၄ ရက်နေ့အတွက် သတင်းစာရောက်လာတယ်။ နောက် နေ့တွေမှာလည်း တရက်စာစီ နောက်ကျပြီးမှ ဖတ်ရတယ်။ ဒီနေ့ ၈ ရက်နေ့အထိပဲ။
နောက်အကျဆုံး ၂ ရက်နေ့လောက်မှာ လုပ်ရမယ့် လုပ်သင့်တဲ့ လုပ်နိုင် ခဲ့တဲ့ အစည်းအဝေးတခုကို ၃ ရက်နေ့မနက် ၈ နာရီခွဲမှာ လုပ်သွားကြောင်း ဖတ်ရပါတယ်။
၎ ရက်နေ့အတွက်ထုတ်တဲ့ သတင်းစာမှာ။(တော်ပါသေးတယ် လေ ---- မလုပ်တာထက်စာရင်တော့။ Better late than Never လို့ ဆိုတယ်မဟုတ်လား။)
ဒီသတင်းစာထဲမှာ ထူးခြားစွာ စိတ်ဝင်စားဖို့ကောင်းတာကတော့ ဗန်းမော်လား၊ မြစ်ကြီးနားလား အထက်ပိုင်း တခု မှာ ပိုစတာဆိုင်းဘုတ်တခု ထောင်တဲ့ သတင်း။ (ပါဖြစ်အောင် ပါလာသေးတယ်နော်)။
ရေဒုက္ခက ကြီးတယ်ဗျာ။ ၅ ရက်နေ့မှာမှ ကန်တော်ကြီးဘက်၊ တာမွေဘက်၊ ဆူးလေဘက် လှည့်ကြည့်ဖို့ အချိန် ရတယ်၊ ကားခတွေက ဈေးကြီးလွန်းတော့ ခြေထောက်ကိုပဲ အများဆုံး အားကိုးရတယ်။ မြို့ထဲမှာ စစ်ကားတွေနဲ့ ရဲဘော်တွေ ခဏခဏဖြတ်သွားတာ တွေ့ရတယ်။
ဆူးလေကနေ အိမ်အပြန် လမ်းလျှောက်ပြန်လာတော့ စံပြရုပ်ရှင်ရုံနားမှာ ရဲဘော်လေးတွေ အပင်ခုတ်ပြီး ရှင်းလင်းရေး လုပ်နေတာ တွေ့ရတယ်။ နေပူကျဲကျဲကြီးထဲမှာ ယူနီဖောင်းတွေမှာ ချွေးတွေရွှဲလို့၊ ဟောင်းနွမ်းစုတ် ပြတ်လို့။ (နေဦး ---- နှစ်ရက်လောက် နေပူခံတာနဲ့ ဒီယူနီဖောင်းတွေ ဒီလောက် ဟောင်းသွားမလား၊ ရှားရှားပါးပါး ထွက်တဲ့ ဂျာနယ်ထဲက ဓာတ်ပုံတွေမှာတော့ တော်တော် သစ်သစ်လွင်လွင်တွေ တွေ့ခဲ့ရပါလား။ အခုလည်း ဒီအဖွဲ့ ထဲမှာ တောက်တောက်ပြောင်ပြောင်တွေ ပါ ပါတယ်။ ဘားတွေဆို ရွှေရောင်လက်လို့ ---။ အေးလေ၊ ကျနော် ကိုယ်တိုင်က အတွေးခေါင်လွန်းပါတယ်ဗျာ) ဘာပဲပြောပြော ဒီနားက ဘားတွေကို ချီးကျူးရမယ်၊ ရဲဘော်တွေနဲ့ အတူ ကိုယ်တိုင်ဝင်ပြီး အပင်သယ်နေတာ တယောက်ဆို ချွေးတွေရွှဲနေတဲ့ သူ့ယူနီဖောင်းက ရွဲ့စောင်းပြီး အင်္ကျီ ခါးတွေ ဘာတွေ ထွက်လို့)
ဒီနေရာမှာ ထူးခြားတာတခုက ---- ဒီအဖွဲ့ထဲက သူတို့တွေ အများစုခမျာ တကယ်ကို ပင်ပန်းခံ ခုတ်နေကြတာပါ။ ဒါပေမယ့် သူတို့ကို ကူညီနေတဲ့သူမပြောနဲ့ စကားပြောပြီး မေးစမ်းနေမယ့် သူတွေတောင် မရှိဘူး။ သောက်ရေ၊ စားစရာ ဘာမှပေးမယ့်လူမရှိဘူး။ ခပ်လှမ်းလှမ်းကနေ တစေ့တစောင်းသာ ကြည့်နေကြတာ တွေ့ရတယ်၊ ၃ ရက် ၄ ရက်နေ့တွေမှာ လမ်းထဲ ရပ်ကွက်ထဲမှာ ရှင်းကြလင်းကြတုန်း။ တွေ့ရတဲ့ မြန်မာတွေရဲ့ သဒ္ဓါတရား၊ အားနာစိတ်၊ ကျေးဇူတင်တတ်တဲ့စိတ်၊ တာဝန်သိစိတ်တွေ ဘယ်ရောက်ကုန်ပြီလဲ။ ဒီတပ်ဖွဲ့ကိုကြည့်နေကြတဲ့ အနီးအနားက ပြည်သူတွေဆီမှာ ကြောက်စရာ အေးစက်တဲ့ မျက်လုံးတွေ ဘာလို့ရှိနေရတာလဲ၊ ဒီထက်ပိုပြီး ကျနော့်ခေါင်းထဲကို နှိပ်စက်တဲ့ မေးခွန်းက တနှစ်တခါ နွေရာသီတရက်ဆိုရင် တီဗွီမှာ အမြဲမြင်ရတဲ့ သပြေပန်းနဲ့ ပန်းကုံးစွပ်ကြတဲ့ ပြည်သူဆိုသူတွေ ဘယ်မှာလဲ -----။
၆ ရက်နေ့ကျတော့ အိမ်မှာ ရေအရေးက တော်တော်ပူလာပြီ။ ဆီဈေးက ၁၀၀၀၀ ကျော် ဆိုတော့ မီးစက်ငှားတင်ရင် တနာရီ ၁၅၀၀၀။ ဂျိုးဖြူရေလာတာတွေကလည်း ရွှံ့ရေတွေလို နောက်နေတာ။ အေးလေ တပုံး ၅၀၀ ပေးပြီး ရေသန့်ဝယ်ချိုးဖို့လည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆိုပေမယ့် သူများတွေ ဒုက္ခကိုကြည့်ပြီး၊ ကြားပြီး လိပ်ပြာ မလုံချင်ဘူးဗျာ။ ရေကုန်ရင် မချိုးနဲ့ပေါ့။ ဒါပဲကောင်းတယ်။

ထူးထူးခြားခြားဖြစ်စဉ်၊ မြင်ကွင်း နဲ့ သတင်းတွေ
၁။ ငလျင်လှုပ်မှာကြောက်လို့ ညဘက်မှာ အိမ်အောက်ဆင်းနေကြတဲ့ ယုဇနဥယျာဉ်မြို့တော်ကလူတွေ။ (တော်သေးတယ်၊ အမျိုးတယောက်ကတော့ ဖုန်းဆက်လို့ရလို့ အိမ်ပေါ်ပြန်တက်ဖို့ ပြောလိုက်ရတယ်။)
၂။ နေပူလာလို့ ခြောက်သွေ့နေတဲ့ လမ်းဘေးက သစ်ပင်တွေ၊ သစ်ရွက်တွေပေါ်မှာမှ ချထားခဲ့တဲ့ မီး လုံးဝ မသတ်ထားတဲ့ စီးကရက်ရှည်။ (တိုရင်ကမှ အစီခံထိရင် မီးငြိမ်းသွားဦးမယ်)၃။ အချိန်နဲ့တပြေးညီ တရက်စီနောက်ကျနေတဲ့ ကြေးမုံသတင်းစာ။
၎။ ၄ ရက်နေ့သတင်းမှာ ဧရာဝတီတတိုင်းလုံးပေါင်းမှ ၂၀၀ ကျော်ကနေ ၅ ရက်နေ့မှာ တမြို့နယ်ထဲမှာတင် သောင်းချီသေတာရှိနိုင်တယ်ဆိုတဲ့ အတက်ကြမ်းတဲ့ သေဆုံးသူဦးရေစာရင်း။
၅။ ပုံမှန်ထက် ၅ ဆကနေ ၁၀ ဆလောက်ထိ တမျှော်တခေါ်ရှည်နေတဲ့ ဆီဆိုင်မှာ တန်းစီထားတဲ့ကားတွေ။
၆။ ကလေး၊ လူကြီး အိမ်ရှိလူကုန် ပုံးကိုယ်စီနဲ့ တန်းစီနေတာကြောင့် ဆီဆိုင်လိုပဲ ရှည်နေတဲ့ မြို့ထဲက ရေဘုံဘိုင်တွေ။၇။ မုန်တိုင်းကျခါနီး လေပြင်းလာလို့ မီးဖြတ်ထားတာကို အာဏာစက်ပြင်းစွာ ဖုန်းဆက်လို့ ဓာတ်အားလွှတ်ပေး လိုက်ရာကနေ ရှော့ခ်ဖြစ်လောင်ရတယ်ဆိုတဲ့ သိမ်ကြီးဈေးက မီးသတင်း။
၈။ ၄ ရက်နေ့ နေ့လည်ထိ ဘယ်ယာဉ်ထိန်းရဲကိုမှ မမြင်ခဲ့ရတဲ့ ပြည်လမ်းက မီးပွိုင့်များ။၉။ လျှပ်စစ်ဝန်ထမ်းဝတ်စုံနဲ့ ဓာတ်ကြိုးတွေဖြုတ်ခွေပြီး တနေရာ သွားသယ်မယ် (သို့) သွားသိမ်းမယ်ထင်လို့ လိုက်ပို့လိုက်ရပြီးမှ ရောင်းစားဖို့ ဖြုတ်သွားတာမှန်း သိခဲ့ရတဲ့ တက်စီသမားတယောက် ပြောပြတဲ့ ဇာတ်လမ်း။
၁၀။ တချပ်စီအတွက် တိုကင်ယူဝယ်ရတယ်ဆိုတဲ့ မတန်တဆ အမြတ်ကြီးစားထားတဲ့ အိမ်မိုးသွပ်အရောင်းဆိုင် တဆိုင်။၁၁။ များပြားလှစွာသော ကျေးရွာတွေ မြို့နယ်တွေအတွက် သွားကူဖို့ ရဟတ်ယာဉ်က ၁၀ စီး မပြည့်။
၁၂။ ကယ်ဆယ်ရေးအတွက် ဘတ်ဂျက် ကျပ်သန်း ၅၀၀၀ = ဆန်အိတ် ၂ သိန်း (တအိတ် ၂၅၀၀၀ ဈေးနှင့် လျှော့လျှော့ပေါ့ပေါ့ တွက်ထားတာပါ)၁၃။ ၂ ရက်နေ့ထုတ် သတင်းစာထဲက နှစ်ကွက်ပဲပါတဲ့ မိုးလေ၀သ သတင်းထဲမှာ အစိုးရိမ်မလွန်ပါနဲ့ ဆိုတဲ့ မျက်မှန်ကြော်ငြာသူ မိုးလေ၀သ က အရာရှိမင်းနဲ့ သဘာဝဘေးအန္တရာယ်မို့ တားဆီးလို့မရနိုင်တာကြောင့် နားလည်ပေးကြပါဆိုတဲ့ ၆ ရက်နေ့ သတင်းစာက ခေါင်းကြီးပိုင်းစာသား။
၁၄။ ၃ ရက်နေ့ ညနေ ၃ နာရီလောက်မှာ မီးစက်တ၀ူးဝူးနဲ့ ဖွင့်ထားတဲ့ တီဗွီဂိမ်းဆိုင်၊ အပြည့်ဖြစ်နေတဲ့ လူငယ် လေးတွေ၊ မပျက်မကွက် ဖွင့်ထားတဲ့ ဘုံဆိုင်တွေ -----၁၅။ အင်းစိန် ဂျပန်လမ်းမှာ အ၀တ်တစမှ မကပ်ဘဲ ကြောင်တောင်တောင် မျက်နှာနဲ့ လျှောက်သွားနေတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦး (မပဋာကို ကိုယ်တွေ့မြင်ဖူးသွားပြီပေါ့၊ သူ့လိုမျိုး ဘ၀ဆိုးသွားသူတွေ ဘယ်နှစ်ယောက်များ ရှိဦးမလဲ)
၁၆။ ကမ္ဘာအေးဘုရားလမ်းပေါ်က ကျောက်မျက်ပြခန်းရှေ့ ရေမြောင်းပေါက်မှာ ဇကာနဲ့ ခံနေတယ်ဆိုတဲ့ ရွှေဉာဏ်တော် စူးရောက်သူတယောက်အကြောင်း။၁၇။ ဒီနေ့ (၈) ရက်နေ့ နေ့လည်မှာ ဟံသာဝတီအ၀ိုင်းက ဘာမှန်းမသိတဲ့ ဟာကြီးဘေးမှာ မြက်နှုတ်နေရတဲ့ စည်ပင်အလုပ်သမားတွေ (ပြတ်နေတဲ့ ဓာတ်ကြိုးတွေထက် အရေးကြီးတဲ့ နေရာထင်ပါတယ်)။
အင်း ----- ဆက်ရေးရရင်တော့ ခက်ကုန်တော့မယ်။