Wednesday, September 26, 2007

ကျော်သူနှင့် ကဗျာဆရာအောင်ဝေး တိမ်းရှောင်နေရ

ဆန္ဒပြသည့် သံဃာတော်များကို ဆွမ်းကပ်လှူခဲ့သော ရုပ်ရှင်သရုပ်ဆောင် ကျော်သူနှင့် ကဗျာဆရာ အောင်ဝေး တို့သည် အာဏာပိုင်များက ရှာဖွေဖမ်းဆီးနေသဖြင့် နေအိမ်မှ တိမ်းရှောင်နေသည်။
ယမန်နေ့ညက အဖြစ်အပျက်ကို ကျော်သူက ယခုလို ပြောသည်။
“ရဲက ၀င်တာကတော့ ကျနော် အိမ်ကို ဖုန်းဆက်တော့ အိမ်ကပြောတယ်။ တော်တော် မိုက်မိုက်ရိုင်း ရိုင်း ၀င်တယ်လို့ အဲလိုပြောတယ်ခင်ဗျား။ မိုက်မိုက်ရိုင်းရိုင်းနဲ့ဝင်တယ်ဆိုတာ ၀င်တဲ့သူကလည်း ၀င် တာပေါ့လေ။ ဒါပေမယ့် အားနာတဲ့ သူတွေကလည်း အားနာတဲ့ အလျှောက် အဲလိုပါတယ်ခင်ဗျား။ ကျ နော်တို့ကို အားလုံးရှာတယ်။ ရှာပြီး ကျနော်အဖေ အိမ်တွေမှာတောင် အားလုံးရှာတယ်။ ညနှစ်နာရီ လောက်လို့ ပြောတယ်ခင်ဗျား။ ”
ကျော်သူသည် ယမန့်နေ့ နေခင်းမှ စတင်၍ ၄င်း၏ နေအိမ်သို့ မပြန်တော့ဘဲ အခြား တနေရာတွင် တိမ်းရှောင် နေသည်။
မြန်မာပြည်တွင် လက်ရှိဖြစ်ပေါ်နေသောအကျပ်အတည်းများကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် လက်ကိုင်ထားပြီး ဆက်လက်ဆန္ဒပြ တောင်းဆိုသွားမည်ဟု ကျော်သူက ပြောသည်။
“အခုချိန် သံဃာတွေလည်း ဖမ်းကုန်ပြီ။ ရိုက်တောင် ရိုက်တယ်ဆိုပြီး ပြောတယ်။ နှစ်ပါး လုံးဝ ခေါင်း ကွဲသွားတယ်တဲ့။ အဲဒါ ခေါ်သွားတယ်တဲ့။ အဲလို ကြားနေရတယ်။ ကျနော်တို့ ဒါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော်တို့ တောင်းဆိုတဲ့အပိုင်းပဲရှိတယ်။ ကျနော်တို့ ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေးနည်းနဲ့ အဓိက ပဲခင်ဗျား။ ကျနော်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော်တို့ ပြည်သူတွေ အေးချမ်းဖို့ အဲဒီဟာကို ကျနော်တို့ အဓိကထားပါတယ်။
သံဃာတော်များ၏ ဆန္ဒပြပွဲများကို အားပေးထောက်ခံသူ နောက်တဦးဖြစ်သည့် ကဗျာဆရာအောင်ဝေးလည်း နေ အိမ်သို့ မပြန်ဘဲ တိမ်းရှောင်နေသည်။
ကဗျာဆရာ အောင်ဝေးက စစ်အစိုးရကဖိနှိပ်လာသည့် အခြေအနေတွင် ပြည်သူတရပ်လုံး စည်းလုံးကြရန် တိုက် တွန်းသည်။
“အပြတ်အောင်မြင်အောင်လုပ်ဖို့ဆိုရင် အဓိက အချက် သာသနာ့အလံတော်အောက်မှာ ကျနော်တို့ တိုင်းသူပြည်သားတခုလုံး စည်းလုံးညီညွှတ်စွာနဲ့ မားမားမတ်မတ်ရဲရဲရင့်ရင့် ရပ်တည်နိုင်ဖို့လိုပါတယ်။
အမျိုးသားရေး ဦးဝင်းနိုင်၊ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ လူရွှင်တော်တဖြစ် ဒါရိုက်တာ ဇာဂနာ ခေါ် ဦးသူရ၊ ကဗျာဆရာ အောင်ဝေး စသည့် အနုပညာသည်များသည် ဆန္ဒပြသည့် သံဃာတော်များကို နှစ်ရက်ဆက်လိုက် ဆွမ်းကပ် လှူဒါန်းခဲ့သည်။
သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့သည်အတွက် အမျိုးသားရေး ဦးဝင်းနိုင်နှင့် လူရွှင်တော် ဇာဂနာတို့အား ယမန်နေ့ညတွင် ၀င်ရောက်ဖမ်းသွားသည်။