Friday, September 28, 2007

ယမန်နေ့ပစ်ခတ်မှုတွင် (၉) ဦးသေဆုံးကြောင်း နအဖ ၀န်ခံ

ရန်ကုန်မြို့၌ သပိတ်မှောက်ဆန္ဒပြကြသည့် သံဃာ
တော်များနှင့်လူထုကို စစ်တပ်က ပစ်ခတ်သောကြောင့် (၉) ဦးသေဆုံးပြီး (၁၁) ဦးဒဏ်ရာရှိခဲ့
ကြောင်း နအဖ စစ်အစိုးရပိုင် သတင်း မီဒီယာများမှ တရားဝင်သတင်းထုတ်ပြန်သည်။
သေဆုံးသူများအနက် အသက် (၅၂) နှစ်အရွယ်ရှိ ဂျပန်နိုင်ငံသား မစ္စတာနာဂအိကန်ဂျီလည်း
ပါဝင်ကြောင်း၊ ၎င်းသည် ခရီးသွားဗီဇာဖြင့် လာရောက်ခြင်းဖြစ်သော်လည်း ဆန္ဒပြသူများနှင့်
လိုက်ပါသတင်းရယူရာမှ သေနတ်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ်မြန်မာ့အလင်း
သတင်းစာ ၌ဖော်ပြသည်။
ဆန္ဒပြသူများ၏လက်ချက်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၃၁) ဦးထိခိုက်ဒဏ်ရာရသည်ဟုလည်း
ပါရှိ သည်။
ယမန်နေ့က ရန်ကုန်မြို့ တာမွေ၊ ကျိုက္ကဆံဘုရားအနီးနှင့် ဆူးလေဘုရားအနီးတို့တွင် သပိတ်
မှောက်သည့် ပြည်သူလူထုအား နအဖ စစ်တပ်က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့ပြီး သေဆုံး
ဒဏ်ရာရသူ အများအပြားရှိနိုင်ကြောင်း မျက်မြင်တွေ့သူတို့က ခန့်မှန်းကြသည်။
စက်တင်ဘာ (၂၆) ရက် ပစ်ခတ်မှုတွင်လည်း (၁) ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရခဲ့ကြောင်း
စစ်အစိုးရ က တရားဝင်သတင်းထုတ်ပြန်ထားသည်။