Monday, September 24, 2007

ထောင်ချီသော သံဃာများ မန္တလေးတွင် ထပ်မံဆန္ဒပြ ငြိမ်းချမ်းရေး တရားဟောကြား

ယနေ့တွင် မန္တလေးမြို့ရှိ ကျောင်းတိုက်အသီးသီးမှ သံဃာများ စစ်ကြောင်းများ ခွဲ၍ အသီးသီး ဆန္ဒပြရာ ထောင် ချီသော သံဃာနှင့် ပြည်သူများ လမ်းမများပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မနက်ပိုင်းတွင် မန္တလေးမြို့ရှိ သံဃာအပါး ၇၀၀ ကျော် စီတန်းဆန္ဒပြပြီးနောက် ရဟန်းတော်တပါးက ဦးပေစိ ဘုရား၏ အုတ်တံတိုင်းပေါ်တက်၍ ပြည်သူလူထု လိုလားနေသည့် ဒီမိုကရေစီကို စစ်အစိုးရက ဖော်ဆောင်ပေး ရန် မေတ္တာရပ်ခံသည့် ငြိမ်းချမ်းရေး တရားဟောကြားခဲ့သည်။
မစိုးရိမ်တိုက်ဟောင်း၊ မစိုးရိမ်တိုက်သစ်၊ ၀ိသုဒ္ဓါရုံတိုက်၊ မြတောင်တိုက်မှ သံဃာတော်များ စုပေါင်း၍ယနေ့နံနက် ၈နာရီခွဲကျော်တွင် စတင်ကြွချီဆန္ဒပြပြီး (၁၁)နာရီ ဆယ့်ငါးမိနစ်အချိန်တွင် ဦးပေစိဘုရားတွင် ဆုံရပ်အဖြစ် ထား ကာ လူစုမခွဲမီအချိန်တွင် ရဟန်းသံဃာတော်များနှင့် ပြည်သူလူထုတို့ကို ယင်းဆရာတော်က ငြိမ်းချမ်းတရား ဟောကြားခြင်းဖြစ်သည်။
ယနေ့ပြည်သူလူထုတရပ်လုံးသည် စစ်မှန်သည့် ဒီမိုကရေစီ စနစ်ကို လိုလားသည့်အတွက် စစ်ဗိုလ်ချုပ်ကြီးများ အနေဖြင့် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံ တောင်းဆိုခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေး တရားဟောခဲ့သည့် ဆရာ တော်က ယခုလိုမိန့်ကြားသည်။
“ဦးဇင်းတို့အခုလုပ်တဲ့ လုပ်ငန်းရဲ့ ပုံစံကို ပြောရမယ်ဆိုရင် တိုင်းသူပြည်သားတွေဟာ ဒီမိုကရေစီ ဗိုက်နာနေကြပြီ။ ဒါဟာ တိုင်းပြည်ရဲ့ စစ်မှန်တဲ့ ဝေဒနာတွေ ဖြစ်ပါတယ်။ အဲဒီ စစ်မှန်တဲ့ ဝေဒနာကို ဦးဇင်းတို့က ပုံဖော်ပေးနိုင်ဖို့ အတွက် ကြားကနေပြီးတော့ မေတ္တာပို့ ဆုတောင်းပေးတာပေါ့လေ။ ဒါ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ ပြုလုပ်ပေးဖို့ ပေါ့နော်။”
“နောက်တခုက ဗိုလ်ချုပ်ကြီးတွေဟာ သံဃာတွေအပေါ်မှာ ဒီ ကြံ့ခိုင်ရေးတို့ ဘာတို့လုပ်ခဲ့တဲ့ ပခုက္ကူ ရဲ့ အရေးအခင်းပေါ့နော် အဲဒီလို သံဃာတွေပေါ်မှာ အဲဒီလို တုန့်ပြန်ခဲ့ပေမယ့် ဦးဇင်းတို့ သံဃာတွေ ဟာ မေတ္တာမပျက် ပါဘူးဆိုပြီးတော့ ဒါဟာ ပြောရမယ်ဆိုလို့ရှိရင် မေတ္တာပို့ခြင်း ဖြစ်ပါတယ်။ ဒါကို ဗိုလ်ချုပ်ကြီးတွေက နားလည်ပြီး တော့ ပြုလုပ်ရမှာဖြစ်ပါတယ်။ အဲဒါကို ပြုလုပ်ပေးဖို့အတွက် ဦးဇင်း ကလည်း ဗိုလ်ချုပ်ကြီးတွေကိုလည်း တောင်းဆိုချင်ပါတယ်။”
နေ့ခင်းပိုင်းတွင်မူ မန္တလေးမြို့ မြောက်ဖက်မှ ကြွချီလာသော သံဃာများနှင့် တောင်ဖက်မှ ကြွချီလာသော သံဃာ တော်များ ၇၃ လမ်းတွင် ဆုံမိကြပြီး ထောင်နှင့်ချီသော သံဃာတော်များ စုပေါင်းကာ မေတ္တာသုတ်၊ မောရသုတ် များ ရွတ်ဆိုကြသည်။
သက်ကြီးရွယ်အိုများ၊ သီလရှင်များ၊ လူငယ်ကျောင်းသားများ အပါအ၀င် ထောင်နှင့်ချီသော ပြည်သူများကလည်း လမ်းဘေးဝဲယာမှ ဖူးမျှော်ပါဝင်ခဲ့ပြီး ကုန်ဈေးနှုန်းကျဆင်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့ကို တောင်းဆိုသော စာတမ်းများကိုလည်း ကိုင်ဆောင် ထားကြသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။