Tuesday, September 18, 2007

လွယ်လွယ်နှင့် သပိတ်ပြန်လှန်မည်မဟုတ်ဟု ပခုက္ကူသံဃာပြော


မြန်မာနိုင်ငံတွင် ရဟန်းသံဃာတော်များက ယနေ့စတင်လိုက်သည့် ပတ္တနိက္ကုဇ္ဖန ကံဆောင် သပိတ်မှောက်မှုတွင် ကံဆောင်ခံရသူက တောင်းဆိုချက်များကို ကျေနပ်အောင် မတောင်းပန် မလိုက်လျောပါက သပိတ်လှန်မှုမျိုး မရှိ အချိန်၊ အကန့်အသတ် မရှိ ကံဆောင်နိုင်သည်ဟု ပခုက္ကူဆရာတော်တပါးက မိန့်ကြားသည်။
ပခုက္ကူမြို့ရှိ ဗောဓိမ္ဂိုင်ကျောင်းတိုက်မှ စာချဆရာတော် တပါးက “ထုံးစံကတော့ ဦးဇင်းတို့ ဟိုးအစဉ်အဆက် သံဃာ့ကံတွေ ပြုခဲ့တုန်းကလည်းပဲ သံဃာတွေ ကျေနပ်ပြီ၊ ကျေနပ်အားရမှု ရှိပြီဆိုမှပဲ ဒီ သံဃာ့ကံ ဆိုတာ ပြန်ပြီးတော့ ကံပြန်ဖြေတယ်ပေါ့လေ၊ သပိတ်ပြန်လှန်တာပေါ့ အဲလို ပြုကြတယ် ဒကာကြီး။ အဲ တော့ အခု တောင်းထားတဲ့ အင်္ဂါရပ်တွေ သံဃာတွေ စိတ်ကျေနပ်အောင် ရပြီ ဆိုရင်တော့ ဒီသပိတ် မှောက်ကံက သံဃာတော်ကနေပြီးတော့ လှန်မယ်။ ဒါဟာ ကံပြုဝါဒ ပေါ့နော်။ အဲဒါမျိုး မဟုတ်သေး ဘူးဆိုရင်တော့ ဒါ သံဃာ့ကံက ရှိနေအုံးမှာပဲလေ။”  ဟုမိန့်ကြားသည်။
ပခုက္ကူ သံဃာတော်များ ယခုလ (၅)ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို နအဖ စစ်တပ်နှင့် ၄င်းတို့၏ ကျော ထောက်နောက်ခံ အဖွဲ့အစည်းများက အင်အားသုံးပြီး ရိုင်းပြစွာအကြမ်းဖက် ဖမ်းဆီးရိုက်နှက်ဖြိုခွင်းခဲ့ခြင်းအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃာ့သမဂ္ဂီများက နအဖ စစ်အစိုးရဖက်မှ သံဃာထုအား  စက်တင် ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထား၍ စိတ်ကျေနပ်အောင် ၀န်ချတောင်းပန်ရန် တောင်းဆိုခဲ့သည်။
အဆိုပါ တောင်းဆိုမှုကို စစ်အစိုးရမှ မသိကျိုးကျွံပြုခဲ့သဖြင့် ယနေ့ နေ့လည် ၁၂ နာရီတွင် သံဃာတော်များက ကမ္မ၀ါစာ ရွတ်ဖတ်ပြီး ပတ္တနိက္ကုဇ္ဖန ကံဆောင် သပိတ်မှောက်ပွဲကို စတင်ခဲ့သည်။
ယနေ့မွန်းလွဲပိုင်းကလည်း ပခုက္ကူမြို့ရှိ စာသင်တိုက်များမှ ရဟန်းသံဃာတော် အပါး တစ်ထောင်ခန့်သည် ပရိတ်တရားတော်များ ရွတ်ဖတ်ပြီး စီတန်းကြွချီ၍ ဆန္ဒပြခဲ့ ကြသည်။
“တိုက်တွေကတော့ အစုံပါပဲ။ အနောက်တိုက်ကနေ စတာပေါ့။ အနောက်တိုက်ကနေ အလယ်တိုက် သွားတယ်။ အလယ်တိုက်ကနေ အရှေ့တိုက် ဆုံးတယ်။ ဒီတကြိမ်ကတော့ သံဃာအင်အား အင်မတန် များပါတယ်။ ခန့်မှန်းခြေ ဦးဇင်းတို့အထင်တော့ ရှစ်ရာ၊ ကိုးရာ၊ တစ်ထောင်ဝန်းကျင်ပေါ့။” ဟု ဆန္ဒ ပြရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ပခုက္ကူမှ ရဟန်းတော်တပါးက ပြောသည်။
လမ်းတလျှောက်တွင် သံဃာတော်များက မေတ္တာသုတ် ပရိတ်တရား၊ မေတ္တာပို့၊ မြတ်စွာဘုရား၏ သစ္စာအဓိဌာန် ဂါထာဖြစ်သည့် အပြင်အောင်ခြင်းရှစ်ပါးထဲမှ မာန်နတ်သားကို အောင်ပွဲခံသည့် ဂါထာတော်များကို ရွတ်ဖတ်ခဲ့ သည်ဟု သိရသည်။ ယနေ့ ပြုလုပ်ခဲ့သည် စီတန်းကြွချီ ဆန္ဒပြပွဲကို အာဏာပိုင်များဖက်မှ တစုံတရာ နှောက်ယှက်ခဲ့ ခြင်း မရှိပေ။
ရဟန်းသံဃာတော်များက လမ်းတလျှောက်တွင် သစ္စာအဓိဌာန် ဆိုသည့် လက်ကမ်းစာရွက်များ ဖြန့်ဝေခဲ့သည် ဟုလည်း ရဟန်းတပါးက ပြောသည်။
“ကိုယ်ကျိုးမပါ သာသနာနှင့် မြန်မာ့တိုင်းကျိုး တို့မျှော်ကိုး၍ အားကိုးသစ္စာ ပို့မေတ္တာဖြင့် သမာဆန္ဒ တို့များပြသည် မုချအောင်ပွဲ ရစေသော်။ မြန်မာပြည်မှာ ငြိမ်းချမ်းသာဖို့ ဆရာတော်ကြီးများ အစိုးရ များကို တရားမပြ မဆုံးမမို့ ဒုက္ခဒဏ်တံ တို့များခံ၍ အမှန်ဆန္ဒ တို့များပြသည် မုချအောင်ပွဲ ရစေ သော်။ ပြည်သူ့သင်္ကန်း ပြည်သူ့ဆွမ်းဖြင့် သင်္ကန်းကျောင်းမှာ နေတုံပါလည်း မြန်မာပြည်ဝမ်း တရား စွမ်းဖြင့် ချမ်းသာအောင်မ မဆုံးမလျှင် သံဃာ့တာဝန် မကျေပြွန်မို့ တာဝန်ကျေပ ဆန္ဒပြသည် မှန်ပ ဆွမ်းဖိုး ကျေစေသော်။ တရားမတရား အမြဲအားဖြင့် ကွဲပြား ဆန့်ကျင် တိုက်ပွဲဆင်ရန် တရားသာပ အောင်နိုင်ရခြင်း ဖန်မယွင်းသို့ မင်းနှင့်ပြည်သူ နှစ်ဦးသူတွင် ဘယ်သူတရား မတရားလည်း တရားသူ သာ အောင်ပါနိုင်ပါစေ။ ကိုးကွယ်ပါမှ ချမ်းသာကြဖို့ ဗုဒ္ဓသာသနာ ပေါ်ခဲ့ပါလည်း မြန်မာပြည်မှာ မ ချမ်းသာပဲ အရာရာပ အောက်တန်းကျမို့ ဗုဒ္ဓသာသနာ စွမ်းပါဝါဖြင့် ချမ်းသာအောင်ပ ဆန္ဒပြသည် မု ချချမ်းသာ ပါစေသော်။” ဟု လက်ကမ်းစာရွက်များတွင် ရေးသားထားသည်။