ယနေ့နံနက်အစောပိုင်းတွင် ဦးကျင်ရှင်းထန်၊ ဦးထောင်ခိုထန်း အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထိပ်ပိုင်းခေါင်းဆောင်အချို့ကို အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်။
ဦးကျင်ရှင်းထန်အား ဖမ်းဆီးသွားကြောင်းကို ၄င်း၏ မိသားစုဝင်တဦးက ယခုလို အတည်ပြုပြောသည်။
“ရဲအုပ်ခင်မောင်ဝင်းတဲ့ အဲဒါ သတင်းတပ်ဖွဲ့ကတဲ့ ။ ပြီးတော့ ဒု-ရဲမှူးရန်နိုင် သူတို့ ဦးဆောင်တာ ပေါ့။ ရပ်ကွက်ရုံးက လူနှစ်ယောက်နဲ့ (၇)ပေါ့။ ၂၇ ရက်နေ့ မနက်ပိုင်းပေါ့။ လေးနာရီ ဆယ့်ငါးမှာ အိမ်ကို ၀င်လာတယ်ဗျ။”
ဦးကျင်ရှင်းထန်းကိုလိုက်ပို့စဉ် ဦးထောင်ကိုထန်းလည်းကားပေါ်တွင်တွေ့ရသည်ဟု ဦးထောင်ကိုထန်း၏ မိသားစု ၀င်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမြင့်သိန်း ယမန်နေ့ညဥ့်ဦးပိုင်းတွင် အဖမ်းခံရသည်ဟု ဦးမြင့်သိန်း၏ မိသားစုဝင်တဦးက ပြောသည်။
“ဟုတ်ကဲ့ ညတစ်နာရီကလေ ညတစ်နာရီက လာခေါ်သွားတယ်။ မေးလို့ မရဘူး ဘယ်ကိုခေါ်သွားမှာ လဲနဲ့ ဘယ်သူဆိုတာလေ။ ဒီက ရယကနဲ့ သက်ဆိုင်ရာ မြို့နယ်က ရဲတွေတော့ ပါပါတယ်။”
အဲန်အယ်ဒီ ပါတီင်္မှ ဧရာဝတီတိုင်းစည်းရုံးရေးမှူး ဦးလှဖေကိုလည်း ဖမ်းဆီးသွားခဲ့ကာ ကျောက်ပန်းတောင်း၊ ညောင်ဦးနှင့် အခြားမြို့များတွင်လည်း ဖမ်းဆီးမှုများရှိခဲ့ကြောင်း သိရသည်။
၂၅ရက် နေ့ညပိုင်းတွင် မန္တလေးတိုင်း မန္တလေးမြို့တွင် ဦးတင်အောင်အောင်၊ ဦးမျိုးနိုင်၊ ဦးခင်မောင်သောင်း၊ ကိုမြင့်စိုး၊ ကိုဇော်ဝင်းနှင့် ဇနီး မစန်းစန်းအေး၊ လူရွှင်တော် ပါပါလေး အပါအ၀င် (၇)ဦး၊ မိုးကုတ်မြို့တွင် ကိုမင်း သူ၊ မပွင့်ဖြူ၊ ဒေါ်သင်းသင်း သုံးဦး၊ မိတ္ထိလာတွင် စောမြင့်အေး၊ မကွေးမြို့တွင် ဦးမြင့်ဦးနှင့် ဦးမျိုးတင့်တို့ (၂)ဦး၊ ရေနံချောင်းမြို့တွင် ဦးသာထွန်းနှင့် ဦးတင်ကြိုင် နှစ်ဦး အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ပေါင်း ၁၅ ဦးကို အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယခုဖမ်းဆီးမှုများသည် ဆန္ဒပြသံဃာတော်များနှင့် ပြည်သူများကို အကြမ်းဖက် နှိပ်နင်းနေချိန် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။