Friday, February 25, 2011

A message from Aung San Suu Kyi Recorded for Brighton Festival on 20th Feb 2011


ယခုနှစ် မေလအတွင်းမှာ ၃ ပတ်ကြာကျင်းပမယ့် ဘရိုက်တန် အနုပညာပွဲတော် အတွက် ဧည့်ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်း ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘရိုက်တန်ပွဲတော်ကို နုတ်ခွန်းဆက် ဗီဒီယို အခွေ ပေးပို့လိုက်ပါတယ်။

ပေးပို့ထားတဲ့ ရုပ်သံခွေမှာ ဗြိတိသျှသားတွေရဲ့ အစဉ်တစိုက် ထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ “ကျွန်ုပ်တို့ကို အကာအကွယ်ပေးဖို့အတွက် သင်တို့ရဲ့ လွတ်လပ်မှုကို အသုံးချပေးပါ” (Use your liberty to protect ours) ဟူသော စကားကို ပွဲတော်၏ အနှစ်သာရအဖြစ် မှတ်ယူထားကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နုတ်ခွန်းဆက် ရုပ်သံခွေမှာ “ဘရိုက်တန် ပွဲတော်ကို ပျော်ရွှင်ဝမ်းမြောက်စရာ၊ သီခြားလက္ခဏာများ ကိုယ်စီ ဆောင်ရာ၊ ဖန်တီးမှုများ ပေါ်ထွန်းရာနဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ရှိရာ အချိန်ကောင်းအဖြစ် ကျမတို့ မှတ်ယူပါတယ်” လို့ ပြောထားပါတယ်။

ကျမတို့နိုင်ငံမှာ ဘယ်လိုမျိုးတွေ ဖြစ်နေတယ်ဆိုတာ ကမ္ဘာက သိစေဖို့ သင်တို့ရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို အသုံးချလိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောထားပါတယ်။

ဘရိုက်တန် အနုပညာပွဲတော်ကို နှစ်စဉ် မေလတိုင်း အင်္ဂလန်နိုင်ငံ ဘရိုက်တန်နဲ့ ဟို့ဗ် မြို့မှာ ၁၉၆၆ ခုနှစ်ကတည်းက ကျင်းပလာခဲ့တာပါ။ ကမ္ဘာတဝန်းက အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ သောင်းနဲ့ချီ လာရောက်စုဝေးတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။

ပွဲတော်ကို စီစဉ်သူများက ဒီနှစ်ပွဲတော်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရောက်နိုင်မျိုး မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဝေးကနေ ပွဲတော် ဖြစ်မြောက်မှုကို အထူးကျေနပ်နှစ်သိမ့်မယ်လို့ ဆိုကြောင်း ပြောထားပါတယ်။