အမှန်တရားအတွက် ဆောင်ရွက်ရာတွင် အကြောက်တရားကို ခ၀ါချထားရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်တွင် ပြုလုပ်သည့် လူငယ်များနှင့် တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။
ယနေ့ တွေ့ဆုံပွဲအတွက် အကူအညီပေးခဲ့သော NLD လူငယ်တာဝန်ခံ ကိုမျိုးညွှန့်က “ပြည်နယ်နဲ့တိုင်းက ဒီပွဲကိုတက်ဖို့လာကြတဲ့ လူငယ်တွေဟာ စရဖ၊ သတင်းတပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့ရဲ့ စောင့်ကြည့်ခြင်းတွေ ခံခဲ့ရတဲ့အကြောင်း၊ တချို့လည်း ကြောက်လို့ လှည့်ပြန် သွားတာမျိုးတွေ ရှိကြောင်း လူငယ်တွေက ပြောပြကြလို့ ကျနော်တို့ ခေါင်းဆောင်က အကြောက်တရားနဲ့ ပတ်သက်ပြီး ရှင်းပြသွားတာပါ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့နှင့်အနီးတ၀ိုက်မှ လူငယ် ၃၀၀ ခန့်ကို ပထမတွေ့ဆုံခဲ့သည်။
ယခု တိုင်းနှင့်ပြည်နယ် အသီးသီးမှ NLD ပါတီဝင်မဟုတ်သည့် လူငယ်များနှင့် ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံခြင်းဖြစ်သည်။
“လူငယ်ကွန်ယက် ဖွဲ့ကြဖို့ကို အဓိကထား ဆွေးနွေးကြတာပါ။ လူငယ်တွေဘက်က ပညာရေးစနစ် နိမ့်ကျနေတာကိုလည်း အဓိကထား ဆွေးနွေးပါတယ်။ မနေ့က တိုင်းနဲ့ပြည်နယ်အသီးသီးက လူငယ် ၃၀၀ လောက် တက်ပြီး ဒီကနေ့ ၂၀၀ ကျော်တက်ပါတယ်” ဟု ကိုမျိုးညွှန့်က ပြောသည်။