Monday, February 14, 2011

တပ်တွင်း အပြောင်းအလဲ


စီးပွားရေးသမားများနှင့်ခွက်လှည့်နေသည့် မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း


-ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ နအဖစစ်အစိုးရရဲ့ အရပ်သားအယောင်ဆောင် အသွင်ပြောင်း အစိုးရဖွဲ့စည်းရေး မဟာဗျူဟာအတွင်းမှာ ဖြုတ်ထုတ်ခံရတဲ့ ဗိုလ်ချုပ်တွေ ရှိလာပါပြီ။

ကာကွယ်ရေးဝန်ကြီးနေရာ လျာထားခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသူရမြင့်အောင်ဟာ ရာထူးကနေ အချခံရတဲ့အပြင် ရေကြည်အိုင် စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းခံလိုက်ရပြီဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာပါတယ်။ ပြည်ပရောက် တပ်မတော် ထောက်လှမ်းရေးဟောင်းတွေနဲ့ ချိတ်ဆက်တယ်လို့ စွပ်စွဲခံရပြီး စစ်မေးခံဖို့ ရေကြည်အိုင်ကို ခေါ်ယူသွားတာဖြစ်တယ်လို့ တပ်တွင်းသတင်းတွေက ဆိုပါတယ်။

အခုလည်း ပြည်ထဲရေးဝန်ကြီးနေရာကို ဗိုလ်ချုပ်ကိုကို နဲ့ ဒုဝန်ကြီးနေရာကို သတင်းတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်သိန်းကို ပေးအပ်လိုက်တယ်လို့ သတင်းတွေ ပေါ်ထွက်လာပြန်ပါတယ်။

ရဲချုပ်ဟောင်း ဗိုလ်ချုပ်ခင်ရီကတော့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဖြစ်သွားပြီး ရန်ကုန်မြို့တော်ဝန်နေရာကိုတော့ ဂျပန်သံအမတ်ကြီး ဗိုလ်မှူးချုပ်လှမြင့်ကို ပေးအပ်လိုက်တဲ့အတွက် မြို့တော်ဝန်ဟောင်း အောင်သိန်းလင်းတယောက် အကြီးအကျယ်ပေါက်ကွဲနေတယ်လို့လည်း တပ်တွင်း သတင်းတွေက ဆိုပါတယ်။

၁၉၈၈နောက်ပိုင်း စစ်အစိုးရရဲ့ နှစ် ၂၀ ကျော်သက်တမ်းတလျှောက်မှာ ဖြုတ်ထုတ်ခံခဲ့ရတဲ့ စစ်အရာရှိကြီးတွေ များလှသလို အခုလုပ်နေတဲ့ အယောင်ဆောင်အရပ်သားအစိုးရဖွဲ့ရေးမှာလည်း ဖြုတ်ထုတ်ခံရတဲ့ စစ်အရာရှိကြီးတွေကို တွေ့ကြရဦးမှာပါ။

နေပြည်တော်သတင်းတွေက ဒီလို ရာထူးအပြောင်းအရွေ့တွေကြောင့် တပ်တွင်းမကျေနပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြောနေကြပေမယ့် တပ်တွင်းမကျေနပ်မှုတွေကနေ တပ်တွင်းပုန်ကန်မှုအဆင့်ထိ ဖြစ်ပေါ်မလာတတ်တာကတော့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းက ဖြုတ်ထုတ်ပွဲတွေကို ကြည့်ရင် သိနိုင်ကြောင်းပါ ခင်ဗျား။