Wednesday, February 16, 2011

ဘရီမင် ဂုဏ်ပြုဆု ကိုဇာဂနာ ချီးမြှင့်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသော လူရွှင်တော် ကိုဇာဂနာ (ကိုသူရ) အား ဂျာမနီနိုင်ငံ ဘရီမင်မြို့က ၂၀၁၁ ခုနှစ်အတွက် ဘရီမင် စည်းလုံးညီညွတ်ရေးဆု (Bremen Solidarity Award) ကို ယမန်နေ့က ချီးမြှင့်လိုက်သည်။

zaganar-11
နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသော လူရွှင်တော် ကိုဇာဂနာ
ကိုဇာဂနာ၏ လူ့အခွင့်အရေးအတွက် ဆောင်ရွက်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုများကြာင့် ဤဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ ဤ ဘရီမင်ဆုကို ၁၉၉၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်လည်း ရရှိခဲ့ဖူးသည်။

ယင်းဆုကို အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသော ကိုဇာဂနာ၏ မိသားစုဝင်များက သွားရောက်ယူမည် ဖြစ်ကြောင်း ကိုဇာဂနာ၏  ခယ်မဖြစ်သူ မငြိမ်းက ဧရာဝတီသို့ ပြောသည်။

“ကိုသူရရဲ့ မိသားစုက နိုင်ငံခြားမှာ ရှိနေတော့ အရင် ဆုတွေရတုန်းက ဆုပေးတဲ့နိုင်ငံတွေကို အဆက်အသွယ်လုပ်ပြီး ကျေးဇူးတင်ကြောင်း ပြောပေးဖို့ ကျမကတဆင့် မှာလေ့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ဘရီမင် စည်းလုံးညီညွတ်ရေးဆုကို လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေသူများ၊ နယ်ချဲ့လွှမ်းမိုးမှုနှင့် အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်နေသူများကို ၂ နှစ် တကြိမ် ရွေးချယ်၍ ဆုပေးလေ့ရှိကြောင်း၊ ဆုကြေးငွေ အဖြစ် ယူရိုငွေ ၁၀၀၀၀ ပေးအပ်ကြောင်း သိရသည်။

ကိုဇာဂနာသည် ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နေစဉ် ဇွန်လဆန်းပိုင်း၌ စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရသည်။

စစ်အစိုးရက ကိုဇာဂနာအား နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗီဒီယိုအက် ဥပဒေနှင့် အီလက်ထရွန်နစ် အက်ဥပဒေ ၃ ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့သည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက်ထရွန်နစ် အမှု တမှုလျှင် ၈ နှစ်စီဖြင့် ၂၄ နှစ် လျှော့ပေးခဲ့ရာ ယခုအခါ ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သည်။