Wednesday, February 23, 2011

တရားလွှတ်တော်ချုပ် တရားသူကြီး လူသစ်တန်းများ အဆိုပြု

ဦးထွန်းထွန်းဦး ခေါင်းဆောင်သော ပြည်ထောင်စု တရားလွှတ်တော်ချုပ် အဖွဲ့တွင်ပါဝင်မည့် တရားသူကြီး ၆ ဦးကို သမ္မတ ဦးသိန်းစိန်က နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စုလွှတ်တော်၏ ၁၅ မိနစ်ကြာ အစည်းအဝေးတွင် အင်္ဂါနေ့က အဆိုတင်သွင်းလိုက်သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ပြုလုပ်သော အစည်းအဝေးတွင် အမည်စာရင်း တင်သွင်းခြင်း ခံရသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများမှာ ဦးသာဌေး၊ ဦးစိုးညွှန့်၊ ဦးမြသိန်း၊ ဦးမြင့်အောင်၊ ဦးအောင်ဇော်သိန်းနှင့် ဦးမြင့်ဟန်တို့ ဖြစ်ကြသည်။

senate1
၁၅ မိနစ်ကြာမြင့်သည့် အစည်းအဝေးတွင်း တရားသူကြီး ၆ ဦးကို သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်း(photo :: MRTV)
ပြည်ထောင်စုလွှတ်တော်တွင် အမတ် ၆၅၈ ယောက်ရှိသည့်အနက် ၁၁ ရက်မြောက်ဖြစ်သော ယနေ့ အစည်းအဝေးတွင် ၄ ဦးပျက်ကွက်ခဲ့သည်။ မနက်ဖြန်တွင် အစည်းအဝေး တရက်ရပ်နားမှာဖြစ်ပြီး ကြာသာပတေးနေ့တွင် ပြန်လည်စတင်မှာ ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်ချုပ် တရားသူကြီးအဖွဲ့ကို ၇ ဦးပါဝင်ဖွဲ့စည်းရမည်ဟု သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၁၅ ရက်တွင် အဆိုပြုတင်သွင်းခဲ့ကာ နောက်တရက်တွင် လွှတ်တော်က အတည်ပြုပေးခဲ့သည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်အဖြစ် လက်ရှိ ဒုတိယတရားသူကြီးချုပ် ဦးထွန်းထွန်းဦးကို ဖေဖော်ဝါရီ ၁၇ ရက်တွင် အတည်ပြုခဲ့သည်။

လက်ရှိ တရားသူကြီးချုပ် ဦးအောင်တိုးမှာ အငြိမ်းစားယူလိမ့်မည်ဟု အမတ်အများစုက ခန့်မှန်းကြသည်။ တရားလွှတ်တော်ချုပ်အသစ်တွင် ယခင်တရားရုံးချုပ်ဟောင်းမှ တရားသူကြီးများ ပြန်ပါမလာသည်ကို တွေ့ရသည်။

တရားရုံးချုပ် တရားသူကြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာတင်အောင်အေးကို အခြေခံ ဥပဒေ ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်၊ ရွေးကောက်ပွဲ ကော်မရှင်တို့တွင် ခန့်အပ်ခဲ့သည်။

ယနေ့ လွှတ်တော်အစည်းအဝေးတွင် တနင်္လာနေ့က သမ္မတ တင်သွင်းခဲ့သည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်ကိုလည်း ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း ကြံ့ခိုင်ရေးပါတီမှ အမျိုးသားလွှတ်တော် အမတ် ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲအပြီး အမတ်နေရာအများစုဖြင့် အနိုင်ရခဲ့သော ကြံ့ခိုင်ရေးပါတီသည် အစိုးရအဖွဲ့သစ် ဖွဲ့စည်းရေးနှင့် အရေးပါသော ရာထူးနေရာများ ရွေးချယ်ခန့်ထားမှုအတွက် လွှတ်တော် အစည်းအဝေးများကို ဇန်နဝါရီ ၃၁ ရက်နေ့ကတည်းက ကျင်းပလျက်ရှိသည်။

သို့သော် လွှတ်တော် တက်ရောက်နေသော အမတ်များပင် အစည်းအဝေး ပြီးဆုံးမည့်ကာလကို မသေချာသေးဘဲ ဖြစ်နေပြီး ဖေဖော်ဝါရီလကုန်တွင် သော်လည်းကောင်း၊ မတ်လ ဒုတိယသီတင်းပတ် တွင်သော်လည်းကောင်း ပြီးဆုံးလိမ့်မည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။

၂၂ နှစ် အတွင်း ပထမဆုံးဖြစ်လာသော လွှတ်တော်အစည်းအဝေး၏ ၁၅ မိနစ်သာ ကြာမြင့်သည့် ရက်များကို လေ့လာသူများနှင့် ပြည်သူအများက စစ်ခေါင်းဆောင်များထံ အာဏာမြဲရေး ဟန်ပြပြုခြင်းဟု ထင်မြင်ကြသည်။

သမ္မတက အမည်စာရင်းတင်သွင်းသော တရားလွှတ်တော်ချုပ် အဖွဲ့ဝင်များမှာ -
refel1

မြို့တော်ဟောင်း ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်အတွက် တရားသူကြီးများကိုလည်း မနေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးက ရွေးချယ်ခဲ့သေးသည်။ ရန်ကုန်တိုင်း တရားသူကြီးချုပ်မှာ လက်ရှိ ပြစ်မှုနှင့် တရားစီရင်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေ ဖြစ်သည်။ ကျန်အဖွဲ့ဝင် ၆ ဦးမှာ အောက်ပါအတိုင်း ဖြစ်သည်။

refel2