“ဒုတိယပင်လုံအား ကြိုဆိုပါသည်” ဟူသော စာများအား ချင်းပြည်နယ် တီးတိန်မြို့တွင်း လိုက်လံဖြန့်ဝေခဲ့သည့် လူငယ်အဖွဲ့ ခေါင်းဆောင်နှင့် နောက်လိုက် ၄ ဦးကို ရဲက တနင်္ဂနွေနေ့တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့သော်လည်း ဖိအားပေးမှုများကြောင့် နေ့တွင်းချင်း ပြန်လွှတ်ပေးခဲ့သည်။
တီးတိန်မြို့တွင်း ကပ်ခွာပိုစတာများ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစ၍ လိုက်ကပ်ခဲ့သည်ဟု စွဲချက်တင်ပြီး အသက် ၃ဝ နှစ်အရွယ် တီးတိန် လူငယ်မိဿရအဖွဲ့ (Tedim Youth Fellowship) မှ ဥက္ကဋ္ဌ နုန်းရှင်းတောင် အပါအဝင် လူ ၅ ဦးကို တနင်္ဂနွေနေ့ နေ့လည်ပိုင်းတွင် တီးတိန်ရဲက ဖမ်းဆီးခဲ့သည်။
ထို့နောက် ည ၇ နာရီခန့်တွင် လူငယ်အများအပြား ရဲစခန်းကို ဝိုင်းပြီး အဖမ်းဆီးခံများ ပြန်လွှတ်ပေးရန် တောင်းဆိုသဖြင့် အာဏာပိုင်များက ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းထံ အမိန့်တောင်းခံပြီး ည ၈ နာရီခွဲ အချိန်တွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
“ညနေ ၇နာရီလောက်မှာ မြို့ကလူငယ်တွေစုပြီးတော့ ခေါင်းဆောင်လုပ်တဲ့ နုန်းရှင်းတောင် နာမည်ကို အော်ပြီး ပြန်လွှတ်ဖို့ တောင်းတယ်။ မရရင် ၉ နာရီ နောက်ဆုံးထားပြီး လွှတ်ပေးဖို့၊ မလွှတ်ပေးရင် စခန်းကို မီးရှို့မယ်ဆိုပြီး အော်တာ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
တနင်္ဂနွေနေ့သည် ချင်းပြည်နယ်နေ့ ခေါ် ချင်းအမျိုးသားနေ့ ဖြစ်၍ နုန်းရှင်းတောင်ကို ရဲက ချင်းပြည်နယ်နေ့ အခမ်းအနား ကျင်းပရန် ပြင်ဆင်နေသည့် ကမ်ယောက်ခန်းမမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် ရဲစခန်းကို ဝိုင်းထားစဉ် လူငယ်များက သူတို့ကို ပြန်မလွှတ်ပါက ချင်းပြည်နယ်နေ့ အခမ်းအနား မလုပ်ဟု တောင်းဆိုခဲ့သေးသည်။
ကျန်သူများကို ရဲအဖွဲ့က နေအိမ်များမှ လိုက်လံဖမ်းဆီးခဲ့ပြီး၊ ဖမ်းဆီးစဉ် ၎င်းတို့နေအိမ်များကို ရှာဖွေစစ်ဆေးခဲ့သည်။ ထို့ပြင် တွန်းဇံမြို့နယ်မှ ကောင်းကင်ပြာ လူငယ်အဖွဲ့ဝင် သိက္ခာတော်ရဆရာ ကိမ်းပူ ကိုလည်း ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ရဲက ခေါ်ယူစစ်ဆေးခဲ့သည်။
“စာဝေတဲ့ ကိစ္စကို တွန်းဇံ မယက ဥက္ကဋ္ဌ ဦးရာဇာဝင်းကို သတင်းပေးတဲ့သူ ရှိလို့ ဦးရာဇာဝင်းက ပယက ကို သတင်းပို့ပြီး ရဲကို ဖမ်းခိုင်းတာလို့ ကြားတယ်” ဟု တီးတိန်မြို့ခံ တဦးက မဇ္ဈိမကို ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ တီးတိန်ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရခဲ့ပေ။
တီးတိန် လူငယ်မိဿရ အဖွဲ့သည် သွေးလှူဒါန်းခြင်း၊ သစ်ပင်စိုက်ခြင်း၊ သာရေးနာရေးနှင့် ကလေးသူငယ်များ စာပေသင်ကြားပေးခြင်းတို့ကို ၂ဝဝ၃ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီး၊ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ချင်းတောင်တန်း ခရီးသည်တင်ကား တိမ်းမှောက်မှုတွင် သေဆုံးခဲ့သူ ၁၄ ဦး၏ မိသားစုများကို လှူဒါန်းကြပါရန် ပြည်ပရောက်များထံ တိုက်တွန်းနှိုးဆော်ခဲ့ရာ အလှူငွေ ကျပ်သိန်း ၃ဝဝ ကျော် ရရှိခဲ့သည်။