Friday, February 25, 2011

သင်္ကြန်ဗုံးကွဲမှု သံသယရှိသူ ၅ ဦး ထောင်ချ

ရန်ကုန် သင်္ကြန်မဏ္ဍပ် X2O ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည်ဟု သံသယဖြင့် အာဏာပိုင်များက စွပ်စွဲ ဖမ်းဆီး ထိန်းသိမ်းခဲ့သော ကိုဘိုဘိုသိန်း အပါအ၀င် ၅ ဦးကို ထောင်ဒဏ် ၂ နှစ်မှ ၁၁ နှစ်အထိ ချမှတ်ခဲ့ကြောင်း ရှေ့နေ တဦးက ပြောသည်။

X2O-pavilion-01
ဗုံးပေါက်ကွဲပြီး နောက်တနေ့ သင်္ကြန်အတက်နေ့တွင် ခြောက်သွေ့စွာ ရေကစားနေသည့် X2O မဏ္ဍပ်ကို ဤသို့ မြင်တွေ့ရသည်။
ကိုဘိုဘိုသိန်းတို့ ၅ ဦးကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကမာရွတ် မြို့နယ်နှင့် အလုံမြို့နယ် တရားရုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) အဖွဲ့များနှင့် ဆက်သွယ်မှု ရှိသည်ဟူသော စွဲချက်များဖြင့် ပြစ်ဒဏ်ချမှတ် လိုက်ခြင်းဖြစ်ပြီး ၎င်းတို့ကို ၂၀၁၀ ဧပြီလအတွင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအမှုကို လိုက်ပါကူညီ ဆောင်ရွက်နေသည့် ရှေ့နေဦးကျော်ဟိုးက “ရဲက X2O ဗုံးပေါက်ကွဲမှု သံသယနဲ့ ဖမ်းခဲ့ပေမယ့် တကယ်တမ်းကျတော့ တရားရုံးက မဆိုင်တဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၁ နှစ်အထိ အမိန့်ချလိုက်တယ်”ဟု ပြောသည်။

ကိုဘိုဘိုသိန်းကို မတရားအသင်းဖြင့် ဆက်သွယ်မှု ၊ မူးယစ်မှု တို့ဖြင့် ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်ခဲ့ပြီး ၂ ဦးမှာ ထောင်ဒဏ် ၈ နှစ် စီနှင့် ကျန်၂ ဦးကိုလည်း ထောင်ဒဏ်၂ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကိုဘိုဘိုသိန်းပါ ၅ ဦးသည် မည်သည့်ပါတီ အဖွဲ့အစည်းဝင်မျှမဟုတ်ဘဲ စီးပွားရေးလုပ်ကိုင်နေသည့် လူငယ်များသာဖြစ်ကြောင်း လည်း ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

ထိုဗုံးပေါက်ကွဲမှုကို သွားရောက် ဓာတ်ပုံရိုက်ကူးခဲ့သည့် ကိုစည်သူဇေယျနှင့် ဖခင်ဖြစ်သူ ဦးဇေယျ (စာရေးဆရာ သားကြီးမောင်ဇေ ယျ) တို့ကိုလည်း အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ကိုစည်သူဇေယျကို ၂၀၁၀ ဒီဇင်ဘာလတွင် ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပြီး ဦးဇေယျကို ၂၀၁၁ ခု ဖေဖော်ဝါရီ လဆန်းပိုင်းက ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်။

အာဏာပိုင်များက ယင်းသင်္ကြန် ဗုံးပေါက်ကွဲမှုတွင် ပါဝင်လှုပ်ရှားခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အင်ဂျင်နီယာ ကိုဖြိုးဝေအောင် ဆိုသူကိုလည်း ၂၀၁၀ ဧပြီလ ၂၃ ရက်နေ့ညက ရန်ကုန်မြို့ပုဇွန် တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ နေအိမ်တွင် ဖမ်းဆီး၍ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားခဲ့သည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်အကြတ်နေ့က ရန်ကုန် ကန်တော်ကြီးအနီးရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံး၍ ၁၇၀ ကျော် ဒဏ်ရာရခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။