Friday, February 11, 2011

တပ်ချုပ်နှင့် ဒုတပ်ချုပ်က သံဃာများကို ပစ်မိန့်ပေး

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ၂ဝဝ၇ ခုနှစ် သံဃာလှုပ်ရှားမှုကို ပစ်မိန့်ပေးခဲ့ကြောင်း ဝီကီလိခ်က နောက်ဆုံး ကြေးနန်းတွင် ဖွင့်ချလိုက်သည်။

အမေရိကန်သံရုံး ကြေးနန်းများကို ထုတ်ဖော်နေသည့် ဝီကီလိခ်က ပြီးခဲ့သည့် သောကြာနေ့တွင် ထုတ်ပြန်သည့် ကြေးနန်းစာ၌ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် လမ်းလျှောက် မေတ္တာပို့ဆုတောင်းသည့် သံဃာများကို လိုအပ်ပါက ပစ်ခတ်နှိမ်နင်းရန် စစ်ခေါင်းဆောင်နှစ်ဦးက အမိန့်ပေးခဲ့ကြောင်း ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

အမေရိကန်သံရုံး အရာရှိ ဗီလာရော်ဆာ VILLAROSA ကmonks အမေရိကန် နိုင်ငံခြားရေးဌာနသို့ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပေးပို့ခဲ့သည့် ကြေးနန်းစာကို ဝီကီလိခ်က ရည်ညွှန်းထုတ်ဖော်ခြင်းလည်း ဖြစ်သည်။

အမေရိကန် သံရုံးနှင့် အဆက်အသွယ်ရှိသည့် စစ်တပ်ပိုင်းဆိုင်ရာ အဆက်အသွယ်များ၏ ပြောကြားချက်အရ စစ်အစိုးရ၏ နံပါတ် ၃ အဆင့် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းက ထိုအစီအစဉ်ကို သဘောမတူသော်လည်း အမိန့်ကို နာခံပြီး ဒေသဆိုင်ရာ တာဝန်ရှိတပ်မှူးများကို သွေးထွက်သံယိုမှု အနည်းဆုံး ဖြစ်စေရန် တိုးတိုးတိတ်တိတ် မှာကြားခဲ့ကြောင်း ဝီခီလိခ်ကြေးနန်းတွင် ဆိုထားသည်။

ထို့ပြင် အဆိုပါကြေးနန်းတွင် စစ်အုပ်စုက ကုလအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကိုလည်း ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို မိမိတို့ထံ အသိမပေးဘဲ နိုင်ငံတကာသို့ သယ်ဆောင်သွားမှုအတွက် မလိုလားကြောင်းနှင့် ၈၈ မျိုးဆက် ကျောင်းသား ကိုမြတ်စံနှင့် ကိုဝင်းမော်တို့ကိုလည်း ယမန်နေ့ကပင် ဖမ်းဆီးခဲ့သေးကြောင်း ပါရှိသည်။

ထို့နောက်တွင် ရွှေဝါရောင် သံဃာ့တော်လှန်ရေး မတိုင်ခင်က မဖြူဖြူသင်း၏ HIV လူနာများနှင့် နိုင်ငံရေး လုပ်ဆောင်နေသည့် ကျောင်းသားများကို အရိပ်အာဝါသ ပေးအပ်ခဲ့သည့် တောင်ဥက္ကလာပ မဂ္ဂင် ဘုန်းကြီးကျောင်းတိုက်မှ သံဃာတော်များကို နှင်ထုတ်ခဲ့ပြီး ကျောင်းကိုပါ ချိတ်ပိတ်ပစ်ရန် ညွှန်ကြားခဲ့သည်ဟုပါ ကြေးနန်းစာက ဖော်ပြထားသည်။