Sunday, February 06, 2011

ခေတ်ပျက်သူဋ္ဌေး ဝန်ကြီးဌာန လုပ်ချက်က

ကျနော်က မြန်မာ့မီးရထားမှာလုပ်နေတဲ့ သံလမ်း အင်ဂျင်နီယာ တစ်ဦးပါ။ ကျနော် ကြုံတွေ့ရတာ လေး အားလုံးကို သိစေချင်လို့ပါ။

အဖြစ်က ဒီလိုပါ။ ကျနော်တို့ မီးရထားမှာ ရန်ကုန်-မန္တလေး၊ သာစည်-ကလော လမ်းပိုင်းတွေ အားလုံးမှာ သပ်ရပ် သန့်ရှင်းရေးဆိုပြီး ရထားလမ်းဘေးမြက်ခုတ်ရှင်းရတယ်။ ဝန်ကြီး၊ ဒုဝန်ကြီးနဲ့ MD ညွှန်ချုပ် တို့က ခိုင်းတာ။ အရင်ကလည်း ရှိခဲ့ပါတယ်။ အဲဒီလိုရှင်းတာကို ဝန်ထမ်းက အရင်ငွေ စိုက်ထုတ်ထားပြီး လုပ်ရတာပါ။ ပြီးမှ ပြန်တင်ပြ တောင်းခံရတယ်။ သုံးလကို တကြိမ်လောက် ဖြစ်ပါတယ်။

ဒါပေမဲ့ အခုကျတော့ ၂ဝဝ၉ ခု၊ ဒီဇင်ဘာကတည်းက စိုက်ထုတ်လုပ်ထားတာတွေကို အခု တနှစ် ကျော်ပြီ ပြန်ချမပေးလို့ အကြွေးတင်နေကြတယ်။ မီးရထားက တိုင်း ၃၊ ၄၊ ၅၊ ၆ လို့ ခေါ်တဲ့ တိုင်းလေးတိုင်းမှာ ဝန်ထမ်းတွေ ရစရာငွေကျပ် သိန်းသုံးထောင်ကျော်တယ်။ မီးရထားတိုင်း ၃ ဆိုတာက၊ သာစည်-ကလော၊ တိုင်း ၄ က သာစည်-မန္တလေး၊ တိုင်း ၅ က နေပြည်တော်-တောင်ငူ၊ တိုင်း ၆ က ပဲခူးတိုင်းပါ။

တနှစ်ကျော် စိုက်ထားရတော့ ကြွေးရှင်တွေကလည်း တပူပူလုပ်နေပြီ။ အသိပေးတင်ပြရမဲ့ တိုင်းအင်ဂျင်နီယာတွေကလည်း ထပ်ခါတလဲလဲ တင်ပြပြောပြ မလုပ်ရဲဘူး။ သူတို့အနေနဲ့လည်း အလုပ် ထိခိုက်မှာစိုးလို့ ကျော်ပြီး မလုပ်ရဲဘူး။ စာချုပ်နဲ့ ချေးထားတာတွေပါ ရှိတယ်။

စနစ်အပြောင်းအလဲမှာ ဝန်ကြီးကိုယ်တိုင်သော်လည်းကောင်း၊ ဝန်ကြီးက ချပေးပါလျက် ကြားအရာရှိကြီးများက အပျောက်ရိုက်မှာကို လည်းကောင်း၊ နောင်ဘယ်သူပဲ ဝန်ကြီးဖြစ်ဖြစ် အရင်ကိစ္စတွေကို တာဝန်မယူမှာကို သော်လည်းကောင်း စိုးရိမ်နေကြတယ်။

အဲဒါကို ဗိုလ်ချုပ်မှူးကြီးသိအောင် ဒါမှမဟုတ် မီးရထားဝန်ကြီး ဦးအောင်မင်း သိအောင် ပြောပေးဖို့ အကူအညီ တောင်းတာပါ။

ဒီစာကို ကျနော့်နာမည်အရင်းနဲ့ မထုတ်စေချင်ပါဘူး။ ကျနော်တို့က ဝန်ထမ်းဆိုတော့ အလုပ်ပြုတ်မှာ ကြောက်တာပေါ့ဗျာ။ ခေတ်ပျက် သူဌေးလုပ်နေတဲ့ ဝန်ကြီးဌာနပေါင်းစုံရဲ့ လုပ်ရပ်တွေကတော့ အနည်းနဲ့ အများ ရှိနေပါတယ်။ ခုဟာက နီးစပ်နေလို့ အတိအကျနီးပါး သိရတာပါ။

ကျေးဇူးတင်လျက်
ပဲခူးမြို့မှ မောင်ဇလီဖားတုံး