Sunday, February 06, 2011

ကလေးစစ်သားနှစ်ဦး မိသားစုနှင့် ပြန်ဆုံတွေ့

စစ်တပ်က ပါးစပ်ပိတ်ကာ အတင်းအဓမ္မ တပ်သား စုဆောင်းခံခဲ့ရကြောင်း မကြာသေးခင်က တပ်ထဲမှ ပြန်လွတ်လာသူ ဖိုးလုံး ခေါ် မောင်ထွန်းထွန်းဝင်းက ပြောသည်။

ရန်ကုန်တိုင်း ဒေါပုံမြို့တွင် နေထိုင်သည့် ဖိုးလုံးသည် ၂ဝဝ၉ ခုနှစ် ဇွန်လထဲတွင် ဖမ်းဆီးခေါ်ဆောင်ခံရကာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းရှိ အမြောက်တပ်ရင်း ၃၃၁ တွင် ကလေးစစ်သားအဖြစ် နေထိုင်ခဲ့ရာမှ ပြန်လွတ်လာခြင်း ဖြစ်သည်။

သူကဲ့သို့ပင် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် မောင်မိုးမြ ဆိုသူလည်း ၁၅ နှစ်သားအရွယ် ၂ဝဝ၉ ခုနှစ်ထဲတွင် မွန်ပြည်နယ် သထုံမြို့သို့ အလည်သွားရင်း စစ်သားစုဆောင်းခံရပြီး၊ ရေးမြို့နယ် ခြေမြန်တပ်ရင်း ၃၄၃ တွင် စစ်မှုထမ်းခဲ့ရာမှ ယခုရက်ပိုင်းအတွင်း နေရပ်သို့ ပြန်ရောက်လာခဲ့သည်။

ကလေးသူငယ်များကို တပ်သားစုဆောင်းခြင်းသည် အဓမ္မခိုင်းစေမှုမြောက်သဖြင့် အရွယ် မရောက်သေးသူများကို တပ်သားသစ် စုဆောင်းခြင်းကို တိုင်ကြားနိုင်သည့် ရန်ကုန်ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရုံးသို့ မိသားစုက တိုင်တန်းခဲ့ရာမှ ILO အကျိုးဆောင်ပေးသဖြင့် ပြန်လွတ်လာကြခြင်း ဖြစ်သည်။

၎င်းတို့ ဖမ်းဆီးခေါ်ဆောင်ခံရပုံ၊ တပ်သင်တန်းအခြေအနေ၊ လုပ်ကိုင်ခဲ့ရသည့် အလုပ်အကြောင်း၊ လွတ်မြောက်ရေး ကြိုးပမ်းမှုများကို သိနိုင်ရန် ဖိုးလုံးနှင့် မောင်မိုးမြ၏ ဖခင်ဖြစ်သူထံ ဆက်သွယ် မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။
............................................................................................................................................

ဖိုးလုံး ခေါ် မောင်ထွန်းထွန်းဝင်းကို မေးမြန်းချက်

အမည်               ဖိုးလုံး ခေါ် ထွန်းထွန်းဝင်း (လက်ရှိ အသက် ၁၅ နှစ်ကျော်)
ပညာရေး            ဒုတိယတန်း
မိခင်အမည်         ဒေါ်တင်တင်သန်း
နေရပ်                ဒေါပုံမြို့နယ်၊ ရန်ကုန်တိုင်း

တပ်ထဲ ဘယ်လိုပါသွားတာလဲ။

“လမ်းထိပ်ကနေ တပ်ကြပ်နဲ့ ဗိုလ်နဲ့က လိုင်းကားနဲ့ ဆွဲပြီးခေါ်သွားတယ်။ ပါးစပ်ပိတ်ပြီးတော့’’

ဘယ်ကို ခေါ်သွားတာလဲ။ လိုင်းကားပေါ်က တခြား လူတွေရော ဘာမှမပြောကြဘူးလား။

“သူတို့က ပါးစပ်ပိတ်ထားတာ။ တခြားလူတွေက ဘာမှမပြောကြဘူး။ သူတို့က ယူနီဖောင်းဝတ်ထားတာလေ။ ကီလီ သင်္ဘောဆိပ်မှာ တညအိပ်ပြီးတော့ ကျနော့်ကို မော်လမြိုင်က ဆရာကြီးတယောက်နဲ့ ထည့်ပေးလိုက်တယ်။ ကျနော် တယောက်ထဲ။ အဲဒါက ၂ဝဝ၉ ခု၊ ၆ လပိုင်း ၂ဝ ရက်နေ့က’’

မော်လမြိုင်ကနေ ဘယ်ကိုဆက်ရောက်သွားလဲ။ သင်တန်းက ဘယ်မှာတက်တာလဲ။

“(မွန်ပြည်နယ်) လမိုင်းကို ရောက်သွားတယ်။ ခမရ ၅၈၈။ သင်တန်းက သထုံ လေ့ကျင့်ရေး ၉ မှာ။ မိုးမြနဲ့ တပတ်စဉ်ထဲ။ ၄ လခွဲ တက်ရတယ်။ ဒါပေမဲ့ ကျနော်တို့က လာမခေါ်တာဆိုတော့ ၆ လ လောက် ကြာသွားတယ်။ မိတ္ထီလာမှာ အမြောက်တပ်မှာ သွားတက်ရသေးတယ်’’

သင်တန်းတွေမှာ ဘာတွေ သင်ပေးလဲ။ တော်တော် ပင်ပန်းလား။

“ပင်ပန်းတယ်။ သေနတ်တွေဘာတွေကို သေချာပစ်တာတို့၊ ကိုယ်ဆီတက်တာတို့ဘာတို့ သင်ပေးတယ်’’

မိတ္ထီလာမှာ သင်တန်းတက်ပြီးတော့ ဘယ်ဆက်ရောက်သွားသေးလဲ။

“ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းကို ရောက်သွားတယ်။ အမတ ၃၃၁ အမြောက်တပ်ရင်းကို ရောက်သွားတယ်။ အဲဒီမှာ ၈ လကြာတယ်’’

သားကို ဘယ်သူက လာပြန်ခေါ်တာလဲ။ အိမ်နဲ့ ဘယ်လို အဆက်သွယ်ပြန်ရလဲ။

“အမေ လာပြန်ခေါ်တာ။ အဖေက ဆုံးသွားတာ ၄ နှစ် ရှိပြီ။ အိမ်ကို ဖုံးဆက်လိုက်တာ။ ကျနော်တို့ ဟိုဘက်က အိမ်မှာ ဖုံးရှိတယ်။ ဖုံးနံပါတ်က ခေါင်းထဲမှာ မှတ်ထားတာ’’

တပ်ထဲမှာ ဘာ အခက်ခဲတွေ တွေ့ရသေးလဲ။

“ဆက်ဆံရေး အရမ်းကျဲတယ်။ ဒီက ကျနော့်ရဲ့ လစာတွေလည်း တပြားမှ မပိုဘူး၊ အကုန်ဖြတ်ချထားတာ။ ဘဏ်စုငွေတွေရော။ အလုပ်ကလည်း အသေခိုင်းတာ။ မနက် ၅ နာရီထိုးတန်းစီပြီး ည ၈ နာရီမှ တန်းဖြုတ်တယ်။ ထမင်းက ကိုယ့်ဘာသာကိုယ် ရှာဖွေပြီး စားရတယ်။ သူတို့ကျွေးတာက ကြက်ဥပဲ၊ နေ့တိုင်း။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမှာ’’

မနက် ၅ နာရီထိုး တန်းစီပြီး ည ၈ နာရီမှ တန်းဖြုတ်တယ်ဆိုတော့ ဘာတွေ လုပ်ရတာလဲ။

“ဘိလပ်မြေ ထမ်းရတယ်။ သူ့ (တပ်ရင်းမှူး ၁၈ဝ၂၂ ဒုဗိုလ်မှူးကြီးမျိုးမြင့်) ရဲ့အိမ် သိန်း ၆ဝ တန် ဝယ်ထားတဲ့ ဥစ္စာကို ကျနော်တို့ကို သွားလုပ်ခိုင်းတယ်။ တနေ့ကို ၃ဝဝဝ တဲ့။ ကျနော်တို့လည်း မရဘူး။ သူပဲ သိမ်းသွားတာ။ နောက်ပြီးတော့ ထင်းရူးဆီလည်း ခုတ်ခိုင်းတယ်။ အပင်ကြီးတွေဆို ကျနော် ပိတာ ကံကောင်းလို့ မသေတယ်။ သူ့မိန်းမက ဒေါ်နုနုရည်။ အကုန်လုံး ခိုင်းခံရတာပဲ။ ၈ လလုံး အဲဒါတွေပဲ လုပ်ရတယ်။ ရှေ့တန်းလည်း မသွားရဘူး’’

အခုရော စစ်တပ်က လာမေးမြန်းတာတို့ ရပ်ကွက်လူကြီးက ပြောတာဆိုတာတို့ ရှိသေးလား။

“စစ်တပ်က လာမမေးဘူး။ ရက်ကွက်လူကြီးက ရပ်ကွက်ထဲမှာ ကောင်းကောင်းမွန်မွန်နေတဲ့။ စစ်ထွက်လက်မှတ်ကို သေသေချာချာ မိတ္တူပြီးတော့တဲ့ သိမ်းထားတဲ့’’

ပင်လောင်းကရတဲ့ စစ်ထွက်လက်မှတ်က လွယ်လွယ်ကူကူနဲ့ ရခဲ့တာလား။

“အဲဒီမှာ စကားထိုင်ပြောတာ ၃ နာရီလောက် ကြာတယ်။ ILO အကူအညီနဲ့ပဲ’’

ပင်လောင်းတပ်မှာ သားတို့အရွယ် ကလေးစစ်သားလေးတွေ တွေ့ခဲ့သေးလား။

“ပင်လောင်းမှာ အများကြီးရှိတယ်။ ၁၅ ယောက် ၂ဝ လောက် ရှိတယ်။ အရွယ်တူတွေပဲ။ သူတို့က ကျန်ခဲ့တယ်။ ကျနော့်ကိုတောင် ပြောသေးတယ်။ မင်းက ထွက်သွားပြီတဲ့၊ ငါတို့က ဘယ်လိုနေရမှာတုန်းတဲ့။ ကျနော်တောင် ပြောသေးတယ် ဟေ့ကောင် ငါ ရအောင် ထွက်ရအောင် လုပ်ပေးမယ်လို့ ပြောခဲ့တယ်’’


မောင်မိုးမြ၏ ဖခင်ကို မေးမြန်းချက်

အမည်               မောင်မိုးမြ (လက်ရှိ အသက် ၁၇ နှစ်)
childsoldierForm
မောင်မိုးမြ ၏ စစ်ထွက်လက်မှတ်
ဖခင်အမည်         ဦးရာမိခတ်မိ
ပညာရေး            ၃ တန်း
နေရပ်                တောင်ဒဂုံ၊ ရန်ကုန်မြို့
တပ်အမည်          ၃၄၃၊ ရေးမြို့နယ် အာယုတောင်အခြေစိုက်

ကလေးနဲ့ ဘယ်လို အဆက်အသွယ် ပြန်ရတာလဲ၊ ဘယ်လို ပြန်ဆုံကြပါလဲ။

“သူက ရေး’ကနေ ဖုံးဆက်တယ်။ ကျနော်တပ်ထဲကို ရောက်နေတယ်တဲ့၊ ဆေးစစ်ပြီးပြီတဲ့၊ သထုံမှာ သင်တန်းတက်ပြီးတော့လည်း ကျောင်းဆင်းမယ် သူပြောတယ်’’

“နောက် သူတို့ ယိုးဒယားနယ်စပ်ဘက်ကို ၂ဝဝ၉ ၊ ၁၂ လပိုင်းထဲက စစ်ကြောင်းပါသွားတယ်။ ဘားအံဘက်ကနေ လှည့်ဝင်တာ။ လမ်းကင်းတုန်းက ကရင်နဲ့ တိုက်ပွဲတပွဲကြုံသေးတယ်တဲ့။ စစ်ကြောင်းကနေ ပြန်ဆင်းလာပြီးမှ ခွင့်နဲ့ အိမ်ကို ပြန်လာတယ်။ ပြန်မသွားတော့ဘူး။ သူ့ကို တပ်ပြေးဆိုပြီး ကြေညာထားတယ်။ အဲဒီနောက် ILO ကို တိုင်လိုက်တယ်’’

“၁ဝ လပိုင်း ၁၄ ရက်နေ့၊ ရေးကို ကျနော်တို့ သားအဖ နှစ်ယောက်လုံးပဲ ရောက်တယ်။ ILO က သွား ခေါ်ခိုင်းလို့။ ဟိုမှာရောက်တော့ သူတို့ (စစ်တပ်) စာရွက်စာတမ်း မကျဘူးဆိုလို့ ပြန်လာခဲ့ရတယ်။ နောက် ၁၁ လပိုင်း ၂ဝ ရက်နေ့ ဒီ ရန်ကုန်ကနေ ထွက်တော့ ဟိုကို ၂၂ ရက်နေ့ ရောက်တယ်။ တပ်ထဲမှာ ကျနော်တို့ ၄၆ ရက်လောက် နေခဲ့ရတယ်။ ၁ လပိုင်း ၆ ရက်မှ ကျနော် ပြန်လာတယ်။ ကောင်လေးကို ဟိုမှာထားခဲ့တယ်။ ၆ ရက်နေ့ ပြန်ရောက်ပြီးတော့ ၁၆ ရက်နေ့ ကျနော် ပြန်ထွက်သွားတယ်။ ၂၄ ရက်နေ့ ကျနော်တို့ မော်လမြိုင် ပြန်ရောက်တယ်။ ၂၅ ရက်နေ့ အင်္ဂါနေ့ ရန်ကုန်ပြန် ရောက်တယ်။ ကလေးပါ ပြန်ပါလာပြီ’’

စစ်တပ်ထဲ ဘယ်လို ရောက်သွားတာလဲ။

“သူက ၂ဝဝ၉ ခု လောက်ကတည်းက ပါသွားတာ။ အသက် ၁၅ နှစ်လောက်မှာ ပါသွားတာပေါ့။ သူ့ကို သထုံမှာ ဖမ်းသွားတာ။ အဒေါ်အိမ်ကို သူ သွားလည်တာ။ ဘူတာနားမှာ ဖမ်းတာ။ ဘူတာမှာ စစ်သင်တန်းကျောင်းသားတွေ ဆင်းလာတော့ ကျောင်းသားတွေနဲ့ တခါထဲ ဆွဲထည့်သွားတာ’’

ဖမ်းခံသွားရတဲ့အချိန်မှာ သားက ကျောင်းတက်နေတာလား။ ILO နဲ့ မဆုံခင် ဘယ်သူ့ကို တိုင်သေးလဲ။

“သူက ၂ တန်းအောင်၊ ၃ တန်းနဲ့ ရပ်လိုက်တယ်။ ဘယ်သူ့မှ မတိုင်ဘူးလေ။ ကောင်လေး ခွင့်နဲ့ ပြန်လာပြီးမှ ကျနော်တို့ ဒီမှာတိုင်တာ။ သူက သထုံပဲသွားတာဆိုပြီးတော့ ကျနော်တို့က ထင်နေတာ။ ဟိုမှာ သူ့အဒေါ်တွေ အိမ်ကို သွားပြီး လည်မယ်ဆိုပြီးတော့ သူသွားတာ။ ဒါကြောင့် ကျနော်တို့လည်း ဘာမှမပြောဘူး’’

ဖမ်းခံရပြီးတော့ သူ ဘယ်ကိုရောက်သွားတာလဲ။ သင်တန်းက ဘယ်မှာ တက်ရတာလဲ။

“ရေး” ကို တန်းရောက်ပြီးတော့ ဟိုမှာ တလလောက်နေပြီးမှ နောက် သူတို့ သင်တန်းပြန်ဆင်းတာ။ ၇ လပိုင်းလောက်က သူတို့ သင်တန်းဆင်းရတာ။ သထုံ အမှတ် ၉ လေ့ကျင့်ရေးမှာ။ သင်တန်းက ၄ လခွဲတဲ့’’

ယရကတွေက အကြောင်းကြားလို့ ပြန်ဖမ်းသွားတာတွေ ရှိတယ်။ သူ့ကိုရော လာမေးမြန်း စုံစမ်းတာတွေ ရှိသေးလား။

’’တပ်ထဲကိုရောက်တော့ သူတို့ (စစ်တပ်အရာရှိများ) ပြောမှသိတာပေါ့နော်။ ကျနော်တို့က တပ်ပြေးနဲ့လည်း (အမှု) ဖွင့်လို့ရတယ်။ ခွင့်မဲ့နဲ့လည်း ဖမ်းလို့ရတယ်ဆိုပြီးတော့ ပြောတာပဲ။ ဒါပေမဲ့ ကျနော်တို့ကိုတော့ ဘာမှ မလုပ်ပါဘူး’’

“ဒီမှာ ILO မှာ တိုင်တဲ့နေ့က (၂ဝ၁ဝ) ၅ လပိုင်း။ ILO က စာရွက်စာတမ်းတွေ ကျနော်တို့ကို ထုတ်ပေးတယ်။ သူတို့သွားခေါ်ခိုင်းလို့လည်း မိုးမြကို သွားခေါ်တယ်။ ILO ကိုလည်း မနေ့က သွားပြီးတော့ သူ (ကလေး) ထွက်ခွင့်ရတာတွေ စာသွားပြပြီးပြီ။ စစ်တပ်က စာရွက်စာတမ်းနဲ့ ထွက်ခွင့်ပေးလိုက်ပြီ။ လက်မှတ်က တပ်ရင်းဗိုလ် ထိုးထားတယ်။ နာမည်က မျိုးဇေယျဇော်လား မမှတ်မိဘူး’’

ရေးက ခမရ ၃၄၃ တပ်ကိုရောက်တော့ ဘယ်အရာရှိနဲ့ တွေ့ပြီး စကားပြောခဲ့ရပါသလဲ။

“တပ်ရင်းဗိုလ်နဲ့ပဲ’’