Sunday, February 06, 2011

ဒေါ်အောင်ဆန်းစုကြည် လူငယ်များနှင့် ထပ်မံ တွေ့ဆုံမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ပြည်နယ်နှင့် တိုင်းအသီးသီးမှ NLD ပါတီဝင် မဟုတ်သော လူငယ်များနှင့် ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်နေ့များတွင် တွေ့ဆုံမည်ဖြစ်သည်။

NLD_youth400
၂၀၁၀ ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန် NLD ရုံးချုပ်၌ ပြုလုပ်သည့် ပထမ အကြိမ် လူငယ်များနှင့် တွေ့ဆုံပွဲတွင် မိန့်ခွန်း ပြောကြားနေသော် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - ဧရာဝတီ)
“ပြည်နယ်နဲ့တိုင်းတွေမှာ လူမှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လူငယ် ၅၀၀ လောက်နဲ့တွေ့ဆုံမှာပါ။ ရွှေဂုံတိုင်ရုံးချုပ် ခန်းမက လူ ၂၅၀ လောက်ပဲ ဆန့်မယ့်အတွက်၂ ရက်ခွဲပြီး တွေ့ရမှာပါ”ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင်  နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ခဲ့ပြီးနောက် လူငယ်များ၏ အသံကို နားထောင်လိုကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့နှင့်အနီးတ၀ိုက်မှ လူငယ် ၃၀၀ ခန့်နှင့် ပထမတွေ့ဆုံခဲ့ပြီးနောက် ယခု တိုင်းနှင့်ပြည် နယ် အသီးသီးမှ လူငယ်များနှင့် ဒုတိယအကြိမ် တွေ့ဆုံမည်ဖြစ်သည်။

“အန်တီနဲ့ တွေ့ရင် ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းနေတာတွေကို ပြောပြမယ်။ အခုဆိုရင် ကြက်သွန်နီဈေးတွေကလည်း အရမ်းတက်နေတယ်လေ။ အဲလို စားဝတ်နေရေးအခက်အခဲတွေ အများကြီး။ ဒါတွေကို ပြောပြပြီး ဘယ်လို ဆောင်ရွက်လို့ ရနိုင် မလဲ ဆိုတာကို မေးမြန်းမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ရောက်ရှိနေသည့် ရွှေဘိုမြို့နယ်မှ မစုလှိုင်က ပြောသည်။

ရခိုင်ပြည်နယ်မှ လာရောက်တွေ့ဆုံသော မလှမျိုးသန်းကမူ “ကျမတို့ဆီမှာ ကျမတို့ မွတ်စလင်လူမျိုးတွေအတွက် ခရီးသွားလာရေးက အရမ်းကျပ်တယ်။ ဒီအခက်အခဲကို ပြောပြမယ်”ဟု ဆိုသည်။

လူငယ်တွေ့ဆုံပွဲသို့ လာရောက်ကြမည့် လူငယ်များကို NLD ပါတီက ကျွေးမွေးရေး တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးတွေ ဆောင်ရွက်ရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အဓိကကျပါတယ်။ အခု တွေ့ဆုံပွဲမှာ တိုင်းရင်းသား လူငယ်တွေလည်း ပါဝင်တယ်။ သူတို့ဒေသမှာ တွေ့ကြုံနေရတာတွေ ၊ အခက်အခဲတွေကို ၀ိုင်းဝန်းဖြေရှင်းနိုင်ဖို့ 
ဆွေးနွေးသွားကြမှာပါ”ဟု ဦးအုန်းကြိုင်က ပြောသည်။