သျှမ်းပြည်မြောက်ပိုင်း လားရှိုးအခြေစိုက် ရမခ တိုင်းရုံးမှ မြို့အရှေ့မြောက်ဘက်ရှိ ကျေးရွာအုပ်စုဥက္ကဌများအား ပြည်သူ့စစ်သင် တန်း အတွက် လူပို့ပေးရန် ဆင့်ဆိုလိုက်သည်ဟု စုံစမ်းသိရှိရသည်။
“လားရှိုးကြီးအနီးက ဟိုပိတ်၊ တာ့ပုံ နဲ့ မိုင်းတင်အုပ်စု။ လားရှိုးကနေ အရှေ့မြောက်ဘက်တက်သွား ရင် မတ်ချိနူအုပ်စု၊ ကုန်းဆာ အုပ်စု၊ မြောက်ဘက်တည့်တည့် မိုင်းယော်မတိုင်ခင် မိုင်းယန်းကျေးရွာအုပ်စုတွေ တအုပ်စု လူ ၆၀ ထက်မနဲပို့ရမယ်တဲ့” ဟု လားရှိုးရောက် ကုန်းဆာရွာသားတဦးကပြောသည်။
ပြည်သူ့စစ်များကို စစ်တိုင်းရုံးသို့ ဖေဖော်ဝါရီ ၇ ရက်ထက်နောက်မကျစေဘဲ အရောက်ပို့ရန်နှင့် ၂ ပတ်ကြာစစ်သင် တန်းတက်ရမည်ဟုပြောကြောင်းသိရ၏။
“အဲ့ဒီနယ်မြေတွေက ကချင် ကေဒီအေ အခု ကောင်းခါး BGF လှုပ်ရှားတဲ့ နယ်မြေတွေလေ။ အုပ်စုတိုင်းမှာအမာခံက တော့ အယောက် ၂၀ အနည်းဆုံး ရှိတယ်။ မန့်ပန်ဌာနေပြည်သူ့စစ် ဗိုလ်မွန်းအဖွဲ့ကတော့ မိုင်းယော်ဘက်မှာဘဲ လှုပ်ရှားတာများ ပေမယ့် ဒီဖက်ဖြတ်သန်းသွားလာတာ တော့ရှိတယ်။ အခြေချလှုပ်ရှားတာတော့မရှိဘူး” ဟု မိုင်းယော်သားတဦးကပြောသည်။
မတ်ချိနူအုပ်စုတွင် ပြည်သူ့စစ်အမာခံ အယောက် ၂၀ ၊ အရံ ၂၀ နှင့် သေနတ် ၂၀ လက် ကိုဦးဆောင်နေသူမှာ စိုင်းပီးဆိုသူဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်က နအဖအာဏာပိုင်တို့ထံ လက်နက်များပြန်လည်အပ်နှံခဲ့ပြီးဖြစ် သည်ဟုလည်း သိရ၏။ ယခုလက်ရှိ ၎င်းတို့ တွင် ၅ လုံးထိုး ရိုင်ဖယ်၂ လက် သာကျန်တော့ကြောင်း၎င်းတို့ နှင့်နီးစပ်သူတဦးက ပြောပြသည်။
အလားတူ မိုင်းတင်အုပ်စုတွင်လည်း ပြည်သူ့စစ်အမာခံ ၂၀၊ အရံ ၄၀ နှင့် စတဲန်း၊ ရိုင်ဖယ်သေနတ် ၁၈လက်အား ဦးဆောင် နေသူ စိုင်းဆန်မောင်ဆိုသူဖြစ်သည်။ မိုင်းယန်းအုပ်စုတွင် ပြည်သူ့စစ်အမာခံ ၂၀၊ အရံ ၂၀ နှင့် လက်နက် ၂၀ လက်၊ ကုန်းဆာ အုပ်စု တွင် အမာခံ ၂၀ အရံ ၂၀ နှင့် လက်နက် ၁၅ လက် ကိုမူ နအဖ တပ်ထွက် နှစ်ယောက် ဦးဆောင်သည်ဟုလည်း သိရသည်။
မြောက်ပိုင်းနှင့် တောင်ပိုင်းသျှမ်းတပ်ဖွဲ့ များနယ်မြေချဲ့ထွင်စည်းရုံးလာမှုကို ဟန့်တားထားရန်မဆက်သွယ် နိုင်အောင် ကြိုတင် ဖြတ်တောက်ရန်ရည်ရွယ်ကြောင်း၊ အရှေ့အလယ်ပိုင်း စစ်တိုင်းသစ် တိုးချဲ့တည်ဆောက် နေသကဲ့သို့ဖြစ်ကြောင်း- ယခုပြည်သူ့ စစ်များအား ခေါ်ယူစစ်သင်တန်းပေးခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအတက်အဆင်း ကို ဖြတ်တောက်ရန် ဖြစ်ကြောင်း ဒေသခံများသုံးသပ်ပြောဆိုနေကြသည်။