၂၈.၁.၂၀၁၁ ရက် နမ့်ခမ်းမြို့ ပေါက်နေရပ်ကွက်နေ စိုင်းအေပူး၏ ဆိုင်ကယ် ပျောက်ဆုံးသွားပါတယ်။ ၃၁.၁.၂၀၁၁ နေ့ မှာ ဆိုင်ကယ် စတီကာများပြောင်းထားပြီး လက်ဘက်ရည်ဆိုင်မှာတွေ့ တော့ သူရကျော်ဆိုတဲ့ ရဲသားတစ်ဦးက သူ့ဆိုင်ကယ်ပါဆိုပြီး ပြောတယ်။
စိုင်းအေပူးက သူ့ဆိုင်ကယ်ပါ လွန်ခဲ့တဲ့ (၃) ရက်က တီဗွီကိမ်းဆိုင်မှာ ပျောက်သွားတာ။ ချက်စီနံပါတ်စစ်ကြည့် တော့ စိုင်းအေပူး ဆိုင်ကယ်ဖြစ်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ရဲသားသူရကျော်က စိုင်းအေပူးတို့ကို ရဲစခန်း ခေါ်သွားပြီး ဆိုင်ကယ်ဟာ မနေ့ကပဲ လူတစ်ယောက်ဆီက ဝယ်ထားတာဖြစ်ကြောင်း၊အခုဆိုင်ကယ် လိုချင်လျှင် ငွေနှစ်သိန်းနဲ့ ရွေးရမယ်၊ ငွေမပေးယင် ဆိုင်ကယ် ပြန်မပေးနိုင်ကြောင်း၊အထက်လူကြီး တိုင်ရန်လည်း မထူးကြောင်း၊ နို့မဟုတ် ယင်မင်းတို့ကို ဆိုင်ကယ်သူခိုးလို့စွပ်စွဲပြီး ထောင်ချပစ် လိုက်မယ်လို့ခြိမ်းခြောက်လိုက်ပါတယ်။
စိုင်းအေပူးတို့အဖွဲ့က ရဲစခန်းနယ်ထိန်းကိုသွားတိုင်တော့လည်း နယ်ထိန်း ဒုရဲအုပ်အောင်နိုင်ကမင်းတို့ ကရဲကို သူခိုးလို့ စွပ်စွဲချင်တာလား အသရေဖျက်မှုနဲ့ တရားစွဲ ပစ်လိုက်မယ်။ သူရကျော်ပြောသလိုသာလုပ်လိုက်လို့ ပြောတယ်။
ဘာမှမတတ်နိုင်တဲ့အဆုံး ကြေးညှိရင်း ကျပ်တစ်သိန်းနဲ့ ကိုယ့်ဆိုင်ကယ်ကို ကိုယ်ကငွေနဲ့ပြန်ရွှေးလိုက် ရတယ်။
ခိုးရာပါပစ္စည်းနဲ့ မိတဲ့သူကို အရေးယူရမယ့်အစား ရဲဖြစ်နေတော့ ဆိုင်ကယ်ပိုင်ရှင်ကို ငွေပြန်တောင်း ခြိမ်းခြောက် နေတာ ပြည်သူတွေကိုအနိုင်ကျင့်တာပဲ။ရဲကသူခိုး သူခိုးကရဲပါပဲ။ သူခိုးကိုလက်ပူးလက်ကြပ်မိပေမဲ့သူခိုးက လူဟစ်တော့ ကိုယ့်ဆိုင်ကယ်ကို ပြန်ဝယ်လိုက်ရတဲ့အဖြစ်ပါ။